စာသင်ကြားနေချိန် လက်နက်ကြီး၊ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံရမှာကို စိုးရိမ်နေကြရ

0
247
ပုံစာ - စာသင်ကြားနေသည့် ကရင်နီကျောင်းသားတချို့။

ကရင်နီ (ကယား) ပြည်မှာ စစ်ကောင်စီက စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်လာတဲ့အတွက် စာသင်ကြားနေချိန်မှာ လက်နက်ကြီး၊ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှာကို ကရင်နီပြည်က ကျောင်းဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ၊ကျောင်းသားတွေက စိုးရိမ်နေကြသည်။

ကရင်နီပြည်ရှိ စစ်ရှောင်စခန်းတွေနှင့် ကျေးရွာတွေမှာ ကလေးငယ်များ ပညာရေးအဆက်ပြတ်မသွားဖို့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေကို ဖွင့်လှစ်သင်ကြားကြနေပေမယ့် စစ်ကောင်စီရဲ့ လေယာဉ်နဲ့ဗုံးကြဲ တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုဒဏ်တွေကို မကြာခဏ ကြုံတွေ့ရင်ဆိုင်နေရတယ်လို့ စာသင်ကျောင်း တွေမှာ သင်ကြားပေးနေတဲ့ ဆရာ၊ဆရာမတွေက ပြောသည်။

ဒီးမော့ဆိုအနောက်ဘက်ခြမ်းက ကျောင်းဆရာမတစ်ဦးက “လက်နက်ကြီးကလည်း အရင်ကကျောင်းမှာ ထိထားပြီးသားပေါ့နော။ ထိထားပြီးသားဆိုတော့ အခုကပိုပြီးတော့ စိုးရိမ်တယ်၊ လေယာဉ်သံကြားပြီ ဆိုလို့ရှိရင်လည်း ဘယ်နားပြေးရမလဲပေါ့နော။ အမြဲထိတ်လန့်နေရတယ်၊ စာသင်လို့ရှိရင်လည်း ကလေးတွေ လည်း လေယာဉ်သံကြားပြီ လက်နက်ကြီးသံကြားပြီ ဆိုလို့ရှိရင် သူတို့က စာကိုစိတ်မဝင်စားတာရှိတယ်။ ကြောက်လန့်နေကြရတယ်ပေါ့နော။ ကလေးတွေလည်း ဘယ်နားပြေးရမလဲ၊ ဘယ်ကိုလုပ်ရမလဲ ဆရာမ အဲ့လိုမျိုး စိုးရိမ်စိတ်နဲ့ပဲ ဖြစ်နေရတယ်ပေါ့နော”လို့ ပြောသည်။

စစ်ကောင်စီက စစ်ရှောင်စခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ အရပ်သားရှိရာနေရာတွေကို လက်နက်ကြီးအပြင် လေကြောင်းပစ်ခတ်မှုတွေကို ပြုလုပ်နေတာဟာ ကလေးတွေရဲ့ ပညာသင်ယူမှုအခွင့်ကို နှောင့်နှေးစေပြီး ကလေးတွေကို ကျောင်းမသွားရဲအောင်၊ မိဘတွေက သူတို့ကလေးတွေကို ကျောင်းမပို့ရဲအောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါသည်။

စစ်ကောင်စီရဲ့ လေယာဉ်ပစ်ခတ်မှုတွေဟာ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လ အတွင်းမှာ အများဆုံးဖြစ်ပြီး ညသန်းခေါင်ယံ အချိန်နဲ့ မနက်စောပိုင်းမှာ တိုက်ခိုက်လေ့ ရှိတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး – ၂ ဦးဗညားက ပြောသည်။

“အကြမ်းဖျင်းအားဖြင့် မူကြိုတစ်ကျောင်းထိတယ်ပေါ့နော။ ဖရူဆိုအနောက်ဘက်ခြမ်းမှာ နောက်ပြီးတော့ အလယ်တန်းတစ်ကျောင်းထိတယ်။ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ အဲ့ဒီဟာတွေရှိတယ်။ နောက်ပြီးတော့ တချို့ကျောင်းနဲ့နီးတဲ့ ဧရိယာတွေမှာ ဗုံးကြဲခံရတာတွေရှိတယ်။ ရွာတွေ ဗုံးကြဲခံရတာရှိတယ်။ ဆိုလိုရင်း အဓိပ္ပါယ်က ရည်ရွယ်ချက်ရှိရှိ လုပ်တယ်။ အဲ့ဒါက တစ်ကြိမ်ပဲလုပ်လုပ် နှစ်ကြိမ်ပဲလုပ်လုပ် အဲ့ဒီဟာရဲ့ ဆက်စပ်မှုက ဖရူဆိုအနောက်ဘက်ခြမ်းမှာ အခုချိန်ထိ မသေချာ၊ မရေရာစွာနဲ့ ကျောင်း ၄ ၊ ၅၊ ၁၀ ကျောင်း ကလည်း တက်ရင်ကောင်းမလား၊ မတက်ရင်ကောင်းမလားဆိုပြီး ပြဿနာတက်နေသေးတယ်။ နောက်ပြီး တချို့နေရာမှာ ကျောင်းထဲမှာ မသင်ရတော့ဘူးပေါ့၊ တဲလေးတွေထိုးပြီးတော့မှ အိမ်ကြိုအိမ်ကြားမှာ ဖြန့်ကျဲထားပြီးတော့မှ ကျောင်းတက်နေရတာရှိတယ်” လို့ ဦးဗညားက ပြောပါသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းမှာပဲ ဒီးမော့ဆိုမြို့နယ်အတွင်းက စာသင်ကျောင်းဆောင် ၂ ဆောင်ရဲ့ အနီးအနားကို စစ်ကောင်စီက လေယာဉ်နဲ့လာရောက် ဗုံးကြဲတိုက်ခိုက်မှု ရှိခဲ့ကြောင်းနှင့် ထိုသို့ပစ်ခတ်မှုကြောင့် ကျောင်းသားကလေးတချို့ ကျောင်းသွားဖို့ ကြောက်လန့်နေခဲ့ရတယ်လို့ သိရှိရသည်။

“ကလေးတွေမှာအပြစ်မရှိပါဘူး ကလေးတွေကို ငြိမ်းချမ်းစွာ ပညာသင်ကြားခွင့်တော့ ပေးစေချင်တယ်။ ကျမတို့ပြည်သူတွေကိုလည်း ပစ်မှတ်မထားစေချင်ဘူးပေါ့နော”လို့ အဆိုပါကျောင်းဆရာမက ဆက်ပြောသည်။

ကရင်နီပြည် ကြားကာလကောင်စီ (IEC)၏ စာရင်းအရ ကရင်နီပြည်မှာ ကိုယ်ထူကိုယ်ထကျောင်းပေါင်း ၄၀၀ ကျော် ဖွင့်လှစ်ထားနိုင်တယ်လို့ သိရသည်။ ထိုသို့ဖွင့်လှစ်ထားသည့် ကိုယ်ထူကိုယ်ထကျောင်းတွေမှာ ဆရာ၊ ဆရာမဦးရေ ၃၀၀၀ ကျော်၊ ကျောင်းသားကျောင်းသူဦးရေ ၄ သောင်း ဝန်းကျင်နဲ့ လည်ပတ်နေတယ်လို့ ဆိုသည်။

နိုင်ငံတကာပညာရေးကဏ္ဍရဲ့ စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Global Coalition to Protect Education to Attack ရဲ့ စက်တင်ဘာလ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာမှာ ပညာရေးနဲ့ ပတ်သက်ပြီး တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ပေါင်း ၃၀၀၀ ကျော် ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီအထဲမှာ ယူကရိန်းပြီးရင် မြန်မာက ဒုတိယအများဆုံး ဖြစ်နေတယ်လို့ ဖော်ပြထားသည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here