စလင်းမြို့နယ်တွင် စစ်မှုထမ်းအကြောင်းပြဖမ်းဆီးခံရသူ ၁၅၀ ကျော်ရှိလာ

0
121
Photo - MOI

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် စစ်မှုထမ်းရန် အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံရသူ ၁၅၀ ကျော်ရှိလာကြောင်း ဒေသခံများက ပြောဆိုသည်။

ဖမ်းဆီးခံရသူများထဲတွင် အရောင်းဆိုင်ဝန်ထမ်းများလည်း ပါဝင်နေသည့်အတွက် အပြင်ထွက်ပြီး သွားလာသူမရှိသလောက် ဖြစ်သွားကြောင်း ဒေသခံများ ပြောဆိုမှုအရ သိရသည်။

“သူတို့ တောက်လျှောက်ဖမ်းနေတာ။ အိမ်ထဲမှာ နေမကောင်းလို့ လဲနေတဲ့သူကအစ ဖမ်းတာ။ ဓာတ်ဆီဆိုင်ဝန်ထမ်းတွေရော အလုပ်သွားတဲ့လူတွေရော အကုန်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စက်တင်ဘာ ၅ ရက်နေ့ကလည်း အမျိုးသမီးများကိုပါ ဖမ်းဆီးမည်ဆိုသည့် သတင်းကြောင့် စျေးဆိုင်များအားလုံး ပိတ်ထားလိုက်ရပြီး စလင်းမြို့နယ်တွင် လမ်းသွားလမ်းလာမရှိ ခြောက်ကပ်နေသည်ဟု ဆိုသည်။

စလင်းဒေသခံတစ်ဦးက “သူတို့က ယူနီဖောင်း မပါဘူး။ စစ်ကားနဲ့ မလာဘူး။ အိုးဝေနဲ့ လာရင်လာတယ်။ တခါတလေ သုံးဘီးနဲ့လာတယ်။ အရပ်ဝတ်တွေနဲ့ပဲ သေနတ်လည်း မမြင်ရဘူး။ ပြီးခါမှသာ အနီးရောက်မှ ဆွဲကုတ်တာ” ဟု ပြောဆိုသည်။

စစ်ကောင်စီက ဖမ်းဆီးပြီးနောက် အနည်းဆုံး ကျပ်သိန်း ၂၀ မှ အများဆုံး ကျပ်သိန်း ၈၀ ဝန်းကျင်အထိ တောင်းခံနေကြောင်းလည်း ဒေသခံများ ပြောဆိုမှုအရ သိရသည်။

ဖမ်းဆီးခံရများသူများကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် သွားရောက်ရွေးကြရပြီး ပိုက်ဆံမတတ်နိုင်သည့်သူများက ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း သိရှိရသည်။

စလင်းမြို့ပေါ်ရှိ ရပ်ကွက်များတွင်လည်း နေအိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ပြီး ဖမ်းဆီးခံရသူ တချို့၏ မိသားစုများသည် KTV၊ ဘီယာဆိုင်(စားသောက်ဆိုင်) ကဲ့သို့သော နေရာများတွင် သွားရောက် ရွေးကြရမှုများလည်း ရှိသည်ဟု သိရသည်။

ဒေသခံများ၏ ပြောဆိုချက်အရ စစ်မှုထမ်းရန်အတွက် စစ်ကောင်စီက စလင်းမြို့နယ်တွင် လူအယောက် ၃၀၀ လျာထားသည်ဟု ဆိုသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here