စလင်းမြို့နယ်တွင် စစ်မှုထမ်းသင်တန်းဆင်းဟု ယူဆရသည့် တပ်သားသစ်များ ထပ်တိုးရောက်ရှိနေ

0
129
Photo – Social Media

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဉ် (၁) သင်တန်းဆင်းဟု ယူဆရသော တပ်သားသစ်များ ထပ်တိုးရောက်ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။

ဇူလိုင် ၅ ရက်နေ့ ညပိုင်းတွင် စစ်ကား ၃ စီးနှင့်အတူ အင်အား ၇၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ စလင်းမြို့နယ် ရဲစခန်းသို့ ရောက်ရှိလာခဲ့ကြသည်ကို တွေ့ရသည်ဟု ဒေသခံများက ပြောသည်။

“ဒါမျိုး အင်အားတိုးတာကို ခုမှ တွေ့ဖူးတာပါ။ ဒီမှာရှိတဲ့တပ်တွေက အင်အား မရှိလို့တောင် ပျူတွေကို သုံးနေရတာ။ ခုက စစ်သားယူနီဖောင်းတွေနဲ့ ရောက်ချလာတာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

စလင်းမြို့အခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ ခ.လ.ရ ၂၅၃၊ ၂၅၄၊ ၂၅၅ တပ်များမှ တပ်အင်အားများကိုလည်း ပခုက္ကူနှင့် စလင်းမြို့ ရှေ့တန်းများသို့ ပို့ထားရသည့်အတွက် လက်ရှိတွင် တပ်အင်အားမရှိကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

စစ်ကောင်စီတပ်များတွင် စစ်သည်အင်အား မလုံလောက်မှုကြောင့် ပွင့်ဖြူမြို့နယ်မှ ဝါစိုက်ပျိုးရေးတပ်နှင့် ပျူစောထီးများကို စလင်းမြို့နယ် တိုက်ပွဲများတွင် အသုံးပြုနေသည်ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ဇူလိုင် ၆ ရက်နေ့တွင် စစ်ကောင်စီတပ်သား ၃ ဦး စီပါဝင်ပြီး စစ်လက်နက်ခဲယမ်းများ သယ်ဆောင်လာသည်ဟု ယူဆရသော ကားကြီးသုံးစီးသည်လည်း စလင်းမြို့နယ်ကို ရောက်ရှိလာကြောင်း အဆိုပါသတင်းရင်းမြစ်များက ပြောသည်။

ဇူလိုင် ၅ ရက်နေ့ ညပိုင်းတွင် ရောက်ရှိလာသော စစ်ကောင်စီတပ်သား ၇၀ ဝန်းကျင်ထဲမှ ၆၀ ဝန်းကျင်သည် ဇူလိုင် ၆ ရက် နံနက်ပိုင်းတွင် ကားကြီး ၂ စီးနှင့်အတူ စလင်း – ကံပြားလမ်းကို ထွက်ခွာသွားကြောင်း ၎င်းတို့ပြောဆိုမှုအရ သိရသည်။

မကွေးတိုင်းတွင် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂ အတွက် လူသစ်အဖြစ် အတင်းအဓမ္မခေါ်ယူခံရသူ အရေအတွက်သည် မြန်မာတစ်နိုင်ငံလုံးတွင် အများဆုံးပမာဏအဖြစ် အယောက် ၄၀၀ ကျော် ရှိခဲ့ကြောင်း ဗမာ့ရေးရာနဲ့ ပဋိပက္ခ စောင့်ကြည့်လေ့လာရေးအဖွဲ့ (BACS) ၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here