စစ်အာဏာရှင်ဆန့်ကျင်နေသော တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းမည့် KNU ထုတ်ပြန်ချက်သည် NCA ကို ဆန့်ကျင်နေကြောင်း အာဏာသိမ်းစစ်ကောင်စီ ထုတ်ပြန်‌

0
286

စစ်ကောင်စီ၏ ငြိမ်းချမ်းရေး၊ ညှိနှိုင်းရေးကော်မတီက ကေအဲန်ယူအနေ၏ စစ်အာဏာရှင်ကိုဆန့်ကျင်၍ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မည့် သံဓိဌာန်ပြု ထုတ်ပြန်ချက်သည် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်-NCA ကိုဆန့်ကျင်နေခြင်းဖြစ်ကြောင်း မေလ(၉)ရက်နေ့က သဘောထားထုတ်ပြန်ကြေညာသည်။

ပြီးခဲ့သည့်ရက်ပိုင်းကပြုလုပ်ပြီးစီးခဲ့သည့် (၁၇) ကြိမ်မြောက် ကေအဲန်ယူကွန်ကရက်မှ လူမျိုးကြီးဝါဒနှင့်စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖြတ်ရေး၊ အမျိုးသားရေးတန်းတူရေး အစရှိသည်တို့ကို မိမိတို့ရှေ့လုပ်ငန်းစဥ်များအညီ လုပ်ဆောင်မည့်အကြောင်း သံဓိဌာန်ပြု၍ စစ်အာဏာရှင်ကိုဆန့်ကျင်နေကြသော တော်လှန်ရေးအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မည့်အချက်များပါဝင်သော ထုတ်ပြန်ချက်အား KNU က ထုတ်ပြန်ခဲ့သည်။

လက်ရှိ နိုင်ငံတွင်း ပဋိပက္ခများသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ လှုံ့ဆော်မှုနှင့်ပြည်ပ ပယောဂများကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး ကေအဲန်ယူ၏ထုတ်ပြန်ချက်သည် NCA ပါပြဌာန်းချက်များကိုဆန့်ကျင်၍ ထိပ်တိုက်ရင်ဆိုင်လိုသော လမ်းကြောင်းသို့ဦးတည်နေသလို တိုင်းရင်းသားပြည်သူများလိုလားသော ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာတွင် အဟန့်အတားဖြစ်စေပြီး ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခက်အခဲဖြစ်စေကြောင်း စစ်ကောင်စီက ထိုသို့ ထုတ်ပြန်ပြောဆိုထားသည်။

စစ်ကောင်စီအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် (၁၀) ဖွဲ့အား ဖိတ်ခေါ်၍ ငြိမ်းချမ်းရေးဆွေးနွေးအဖြေရှာရာတွင် ရလဒ်ကောင်းများနှင့်သဘောတူညီချက်များရရှိခဲ့ပြီး လက်ရှိအချိန်ထိလည်း ဆက်လက်ဆွေးနွေးရန် လမ်းဖွင့်ထားဆဲဖြစ်ကြောင်း အဆိုပါသဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စစ်ကောင်စီက ငြိမ်းချမ်းရေးအကောင်အထည်ဖော်တယ် NCA လမ်းကြောင်းဖော်ဆောင်တယ်ဆိုပြီး အရင်ကတည်းက ပြောနေကျပါပဲ။ တဖက်ကငြိမ်းချမ်းရေးဆိုပြီး တဖက်က ကရင်ဒေသတင်မကဘူး စစ်ကိုင်းဘက်မှာပါ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်တာဟာ သူ့ရဲ့ရည်ရွယ်ချက်ကို ပိုပြီးတော့ ပေါ်လွင်ပါတယ်။ ကေအဲန်ယူရဲ့ မှန်ကန်တဲ့ရပ်တည်ချက်ကို ချေဖျက်ပြီး NCA လမ်းကြောင်းဘက်ကို စစ်ကောင်စီက ပြန်တွန်းချင်တာလို့ ကျနော်မြင်တယ်။” ဟု စစ်ကောင်စီ၏သဘောထားထုတ်ပြန်ချက်နှင့်ပတ်သက်၍ မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ၏ ဒါရိုက်တာတစ်ဦးဖြစ်ပြီး တိုင်းရင်းသားနိုင်ငံရေး လေ့လာသုံးသပ်သူ ဦးနိုင်ဗညားမွန်က ပြောသည်။

ထို့အပြင် ၂၀၂၀ ခုနှစ်က ရွေးကောက်ပွဲမဲမသမာမှုနှင့် နိုင်ငံတော်အာဏာအား မတရားရယူရန်ကြိုးပမ်းမှုများကြောင့် စစ်ကောင်စီအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်အာဏာအား မလွှဲမရှောင်သာ၍ယာယီထိန်းသိမ်းခဲ့ရခြင်းဖြစ်ပြီး အရေးပေါ်ကာလပြီးဆုံးပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တရားမျှတသောရွေးကောက်ပွဲအား ကျင်းပ၍ အနိုင်ရပါတီထံ တာဝန်လွှဲပြောင်းပေးမည့်အကြောင်း အကြိမ်ကြိမ်ပြောဆိုထားပြီးဖြစ်သည်ဟု ၎င်းတို့၏ သဘောထားထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါအချက်နှင့်ပတ်သက်၍ ဦးနိုင်ဗညားမွန်က “လက်ရှိမှာ ဒါဟာဖြစ်နိုင်တဲ့အနေအထားမရှိပါဘူး။ အာဏာသိမ်းလိုက်ပြီးနောက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံတဲ့အဖွဲ့တွေကနေ ဖျက်သိမ်းလိုက်ကြောင်း ကြေညာထားတာရှိပါတယ်။ ဆိုတော့ စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးအကောင်ထည်မယ်ဆိုတာတွေက ၂၀၀၈ ခြေဥကို အသက်ပြန်သွင်းချင်တဲ့ခြေလှမ်းမျိုးပဲဖြစ်မှာပါ။” ဟု ၎င်းက ဖြည့်စွက်သုံးသပ်သည်။

ဆက်လက်ပြီး စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် NCA ပါပြဌာန်းချက်များအတိုင်း တွေ့ဆုံဆွေးနွေးခြင်းသည်သာ ရေရှည်တည်တံ့ခိုင်မြဲသည့်ငြိမ်းချမ်းရေးရရှိနိုင်ပြီး နိုင်ငံတော် တည်ငြိမ်ဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးတို့အတွက် လမ်းကြောင်းမှန်ဖြစ်ကြောင်း ဖော်ပြထားသည်။

NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၁၀) ဖွဲ့တွင် လက်ရှိအချိန်ထိ စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆက်လက်ဆွေးနွေးနေသော အဖွဲ့ (၇) ဖွဲ့သာကျန်ရှိပြီး ကျန်ရှိ ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားကာကွယ်ရေးတပ် CNF နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့က ဆွေးနွေးပွဲများတက်ရောက်ခြင်းမရှိတော့ဘဲ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရာတွင် တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းချိန်မှစ၍ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလအထိ စစ်ကောင်စီမှ ကရင်တိုင်းရင်းသားဒေသများဖြစ်သော ကေအဲန်ယူထိန်းချုပ်နယ်မြေ (၇) ခုလုံးရှိ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုမြောက် လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ်ရေပေါင်းမှာ (၁၄၉၃) ကြိမ်ရှိနေသလို လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်မှုအကြိမ်ရေပေါင်း (၂၃၀) ကျော်လုပ်ဆောင်ခဲ့ပြီး ဆက်လက်၍လည်းကျူးလွန်နေဆဲဖြစ်ကြောင်း KNU က ထုတ်ပြန်ထားချက်အရ သိရသည်။

နန့်ဆန်းထီ (KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here