စစ်ရေးအကြောင်းပြပြီး ဟုမ္မလင်းနယ်၊ ဥရုချောင်းနံဘေးက ကျေးရွာတချို့ကို SNA ပြောင်းရွေ့ခိုင်း

0
304

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့အထက်ဘက် ဥရုချောင်းနံဘေးရှိ ကျေးရွာတချို့က ဒေသခံပြည်သူတွေကို ရှမ်းနီအမျိုးသားများတပ်မတော် SNA က ပြောင်းရွေ့ခိုင်းထားတယ်လို့ ဟုမ္မလင်းဒေသခံတွေဆီမှ သိရသည်။

လက်ရှိတွင် SNA က ပြောင်းရွှေ့ခိုင်းနေတဲ့ ကျေးရွာတွေဟာ နောင်ပိုအောင်ကျေးရွာအထက်ဘက် ဥရုချောင်း နံဘေးက နန်တော၊ မန်ခဲကျေးရွာ၊ မိုင်းကိုင်းကျေးရွာတွေဖြစ်ပြီး၊ ဘေးလွတ်ရာကို ရွှေ့ပြောင်းတိမ်းရှောင်ကြဖို့ နိုဝင်ဘာ ၁၈ ရက်နေ့က အမိန့်ထုတ်လိုက်တာ ဖြစ်တယ်လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“တချို့လည်း ဒီဘက် ဟုမ္မလင်းမြို့ပေါ်ကို ရှောင်လာကြတယ်။ တချို့လည်း နန်တောအထက်ဘက် စစ်ကြောင်းနဲ့ လွတ်တဲ့ဘက်ကို ရှောင်သွားကြတယ်။ ပြောင်းဖို့ အမိန့်ထုတ်တာက ၃ ရက်လောက် ရှိနေပြီဆိုတော့ ပြောင်းတဲ့သူတွေကတော့ ပြောင်းနေကြပြီ” လို့ ၎င်းက ပြောပြသည်။

SNA တပ်က ပြောင်းရွေ့ခိုင်းထားတဲ့ နန်တော၊ မန်ခဲ ၊ မိုင်းကိုင်း ကျေးရွာတွေဟာ တစ်ဆက်ထဲရှိတဲ့ ကျေးရွာတွေ ဖြစ်ပြီး အဲ့ဒီကျေးရွာသုံးရွာနဲ့ အထက်ဘက် သက်ကယ်တောင်မှာ အထိုင်ထားတဲ့ SNA တပ်တွေက ပြောင်းရွေ့ ခိုင်းတာလို့ သိရသည်။

ဟုမ္မလင်းမြို့၊ နောင်ပိုရွာခံတစ်ဦးက “ အဲ့ဒီ နန်တောတို့၊ မန်ခဲတို့မှာတော့ SNA တပ်တွေ ထိုင်တာမရှိဘူး။ ဒါပေမယ် နန်တောနားက သက်ကယ်တောင်ဆိုတာရှိတယ်၊ အဲ့သက်ကယ်တောင်မှာက SNA တပ်ရဲ့ အထိုင်တပ် အကြီးကြီးရှိတယ် SNA တပ်သားတွေ ရာနဲ့ချီ ထိုင်တယ်။ သင်တန်းတွေ ဘာတွေလည်း အဲ့မှာပေးတယ်၊ အဲ့တပ်က ပြောင်းရွေ့ ခိုင်းတာတဲ့” လို့ ပြောဆိုသည်။

SNA တပ်သည် နောင်ပိုအောင်၊ နန်တောဘက်တွင် လက်ရှိ SNA နှင့် စစ်ကောင်စီပူးပေါင်းတပ်တို့က ဟုမ္မလင်း မြို့နယ်ထဲက ဒေသကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်တွေ အကြား စစ်ရေးအခြေအနေ တင်းမာနေမှုကို အကြောင်းပြပြီး ပြောင်းရွေ့ခိုင်းထားတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောသည်။

SNA က ပြောင်းရွေ့ခိုင်းထားတဲ့ ကျေးရွာတွေဟာ ဟုမ္မလင်းမြို့နဲ့ မိုင်ပေါင်း ၂၀ ကျော် ဝေးပြီး အိမ်ခြေ ၈၀ ကနေ ၁၀၀ ဝန်းကျင် ရှိတဲ့ ကျေးရွာများ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

နန်တော၊ မန်ခဲကျေးရွာများ အနီးက နောင်ပိုအောင်နဲ့ လွှစင်ကုန်း ကျေးရွာတွေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့ မှ စပြီး ၁၀ ရက်ကျော်ကြာ SNA၊ စစ်ကောင်စီပူးပေါင်းတပ်နဲ့ ဟုမ္မလင်းဒေသကာကွယ်ရေး မဟာမိတ် ပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး SNA ဘက်က ထိခိုက်ကျဆုံးမှု များခဲ့ပြီး တပ်စခန်းငယ် တချို့ကိုလည်း လက်လွတ်ခဲ့ရတယ်လို့ SNA နှင့် နီးစပ်သည့်သတင်းရင်းမြစ်များက ပြောသည်။

နောင်ပိုအောင် ၊လွှစင်ကုန်းအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နောင်ပိုအောင်ရွာ၊ အော်တော်ကျေးရွာ၊ အောင်ပင်ကျေးရွာ အနီးဝန်းကျင်မှာ နေထိုင်တဲ့ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး တချို့မှာ လက်ရှိ အချိန်ထိ တိမ်းရှောင်နေဆဲဖြစ်တယ်လို့ သိရသည်။

ယင်းအပြင် စစ်ကိုင်း– ကချင် အစပ်မှာရှိသည့် အင်းတော်၊ ထီးချိုင့်၊ ဟုမ္မလင်းမြို့တို့တွင် KIA နဲ့ PDF တို့ အကြား နှစ်ဘက်စစ်ရေးတင်းမာနေပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောဆိုသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here