စစ်ရေးပြင်းထန်လာသဖြင့် ရခိုင်မှ UN, INGO အဖွဲ့အစည်းများ ထွက်ခွာရန် ပြင်ဆင်နေ

0
387
Photo - WFP

ရခိုင်ပြည်တွင် တနေ့ထက်တနေ့ စစ်ရေးပြင်းထန်နေပြီး စစ်ဘောင်ကျယ်ပြန့်လာသည့်အတွက် ရခိုင်ပြည်အတွင်းအခြေစိုက် UN, INGO အဖွဲ့အစည်းများ ထွက်ခွာရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ခိုင်လုံသည့် INGO သတင်းရင်းမြစ်များထံမှ သိရပါသည်။

ရခိုင်ပြည်တွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေကြသည့် UN နှင့် နိုင်ငံတကာအကူအညီပေးရေး INGO အဖွဲ့အစည်းများသည် ရခိုင်မှ ထွက်ခွာရန် စီစဥ်နေပြီဖြစ်သည်ဟု အမည်မဖော်လိုသည့် INGO သတင်းရင်းမြစ်တစ်ဦးက အခုလိုပြောသည်။

“UNOCHA က ဦးဆောင်ပြီး ထွက်ခွါဖို့ စီစဥ်နေတာပါ။ WFP/ UNHCR အပါအဝင် တခြား INGO တွေ ထွက်ခွာဖို့ အတွက် OCHA က ဦးဆောင်စီစဥ်ပေးတဲ့ သဘောပါ။ ဘူးသီးတောင်၊ မောင်တောဘက်တွေကလည်း ဆုတ်ခွါဖို့ စီစဥ်နေကြပြီ။ ဒီရက်တွေမှာ စက်ပစ္စည်းတွေ ပြောင်းဖို့လုပ်ထားပြီ” ဟု ၎င်းက ပြောဆိုသည်။

ဘူးသီးတောင်၊ မောင်တော အခြေစိုက် INGO အဖွဲ့များသည် ထွက်ခွာပြောင်းရွှေ့ရေး ကိစ္စများ စီစဥ်ဆောင်ရွက်နေပြီး စစ်တွေသို့ ဦးစွာ ရွှေ့ပြောင်းမည်ဖြစ်ပြီး စစ်တွေမှတဆင့် ပြန်လည်ထွက်ခွာရန် စီစဥ်ထားသည်ဟု ၄င်းက ဆက်ပြောသည်။

ယခုကဲ့သို့ စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်တွင် စစ်ပွဲကြား ပိတ်မိနေသည့် ဒေသခံပြည်သူများ၊ စစ်ပွဲကြားမှ အသက်လု ထွက်ပြေးလာသည့် ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ အရေးတကြီး လိုအပ်နေချိန်တွင် UN နှင့် INGO အဖွဲများ ရခိုင်မှထွက်ခွါခြင်းက စိုးရိမ်စရာ အခြေအနေ ဖြစ်သည်ဟု ရမ်းဗြဲမြို့မှ လူမှုကယ်ဆယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောပါသည်။

“အခုလို အခြေအနေမျိုးမှာ ထောက်ပံ့ကူညီမှုတွေ ပေးနေတဲ့ WFP တို့ UNHCR တို့လို အဖွဲ့တွေက ထွက်သွားမယ် ဆိုရင် ဒီရခိုင်စစ်ဘေးရှောင်တွေဘဝက မတွေးရဲစရာပါ။ ဒီလောက်လိုအပ်နေတဲ့ကာလမှာ အခုလို ဖြစ်သလိုတော့ ထွက်မသွားစေချင်ဘူး။ အခုအချိန်မှာ ရခိုင်အပါအဝင် မြန်မာနိုင်ငံရဲ့ စစ်ဘေးဒဏ်ခံနေရသူတွေဟာ စားစရာမရှိ သောက်စရာမရှိ ဘဝနဲ့ တကယ်ကိုဒုက္ခဆင်းရဲ ရောက်နေကြတာပါ။ ကျနော်တို့ အင်အားလောက်နဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး” ဟု ၎င်းက ပြောဆိုသည်။

စစ်တွေရှိ သက္ကယ်ပြင်မွတ်ဆလင်ဒုက္ခသည်စခန်းမှ အမျိုးသမီးတစ်ဦးက “စစ်ရေးအခြေအနေတွေကြောင့် သူတို့ စိုးရိမ်တာကို သိပါတယ်။ ဒါပေမယ့် ကျမတို့ဒုက္ခသည်တွေရဲ့ အခြေအနေကလည်း ဒီအချိန်မှာ ဘာမှလုပ်ကိုင် စားသောက်လို့လည်း ရတာမဟုတ်ပါဘူး။ အခုတောင် ထောက်ပံ့တဲ့ရိက္ခာလေးနဲ့ ဖြစ်သလို နေထိုင်နေကြရတာပါ” ဟု ပြောသည်။

ရခိုင်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ စတင်၍ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခဲ့ပြီး ရမ်းဗြဲ၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ မင်းပြား၊ ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များမှ ဒေသခံ ၃ သိန်းကျော်သည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း ရခိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ လုပ်ကိုင်နေသူများက ပြောသည်။

UN အပါအဝင် INGO အဖွဲ့အစည်းများ ရခိုင်မှ ထွက်ခွာမည့်သတင်းနှင့် ပတ်သတ်ပြီး အတည်ပြုမေးမြန်းရန် UNOCHA ရုံးကို ဆက်သွယ်နေဆဲဖြစ်ပြီး အကြောင်ပြန်ကြားမှုရရှိပါက ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်သည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here