စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေးပြင်းထန်ခဲ့သည့် မွန်-ကရင်အစပ် ဂျိုင်းမြစ်ဒေသတလျှောက်တွင် စစ်ကောင်စီတပ်တို့ စခန်းချနေထိုင်မှု များလာသည်ဟု ဒေသခံတို့ပြောကြားချက်အရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လတွင် မွန်၊ ကရင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ကရင်ပြည်နယ်၊ ကော့ကရိက်မြို့နယ်၊ ကော့ဘိန်းကျေးရွာရှိ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ စစ်ကောင်စီတပ်တို့နှင့် နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး စစ်ရေးအခြေအနေပြင်းထန်ခဲ့ခြင်း ဖြစ်သည်။
စစ်ရေးအခြေအနေ ပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တို့သည် ဂျိုင်းမြစ်ဒေသတလျှောက်ဖြစ်သည့် ကော့ဘိန်း၊ ဓမ္မသ၊ တရနာ၊ သံကလောင်စသည့် ကျေးရွာရှိ နေ့ရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံတို့၏ နေအိမ်၊ ဘုန်းကြီးကျောင်း၊ စေတီတော်တို့တွင် စခန်းချနေထိုင်နေခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။
လက်ရှိတွင်လည်း ၂၀၂၅ နှစ်ဆန်းပိုင်း၌ အဆိုပါစခန်းချထားသည့်နေရာတို့တွင် စစ်ကောင်စီတပ်သား အင်အားကို ထပ်မံဖြည့်တင်းထားပြီး အထူးသဖြင့် ဓမ္မသကျေးရွာတွင် အများဆုံးတပ်စွဲနေထိုင်နေသည်ဟု ဂျိုင်းမြစ်ဒေသခံများက ပြောဆိုသည်။
ဂျိုင်းမြစ်ဒေသခံအမျိုးသားတစ်ဦးက “တရနာမှာဆို ဒေသခံတို့ရဲ့နေအိမ်မှာ နေကြတာ။ ဓမ္မသကျေးရွာဆိုလည်း ဘုန်းကြီးကျောင်းမှာ နေနေတာ။ အဲ့ဘုန်းကြီးကျောင်းမှာ လက်နက်ကြီး ၆ ခုလောက် တပ်ဆင်ထားတယ်။ သူတို့က အရပ်သားဝတ်စုံနဲ့ရော စစ်ဝတ်စုံနဲ့ရော နေနေကြတာ။ ည ၆ နာရီခွဲ ၇ နာရီဝန်းကျင်လောက်ဆို ကင်းလှည့်ကြတယ်” ဟု ဆိုသည်။
ထို့သို့ စခန်းချနေထိုင်နေကြသည့် စစ်ကောင်စီတပ်တို့သည် ကင်းလှည့်ရာတွင် စစ်ဝတ်စုံအပြည့်အစုံဝတ်ဆင်ထားပြီး ကင်းလှည့်ရာ အုပ်စုတစ်စုလျှင် အင်အား ၁၅ ဦးဝန်းကျင်ရှိကြောင်း ဆက်ပြောသည်။
စစ်ကောင်စီတပ်က အဆိုပါကျေးရွာအတွင်းရှိ ရွာအဝင်အထွက်တို့တွင်လည်း စစ်ဆေးရေးဂိတ်ဖွင့်ထားပြီး ခရီးသွားလာနေသည့် ဒေသခံပြည်သူများသူများနှင့် ယာဉ်မောင်းတို့ထံမှလည်း အခွန်ငွေကောက်ခံနေသည်ဟု ဒေသခံတို့က ပြောသည်။
“စစ်ဆေးဂိတ်တွေမှာဆို တပ်သား ၅ ယောက်၊ ၆ ယောက် စောင့်နေကြတယ်။ စောင့်တဲ့သူတွေ တာဝန်ချိန်းတာလည်းရှိတယ်။ နှစ်ပတ်တခါ သုံးပတ်တခါ တာဝန်ချိန်းကြတယ်။ ဘာလို့ဆို သူတို့တွေက အခွန်စားနေတာလေ၊ ကုန်တင်တဲ့ကားတွေ ရော်ဘာသယ်တဲ့ကားတွေ သစ်တင်တဲ့ကားတွေဆို ပိုက်ဆံတောင်းတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
သန်းခေါင်စာရင်းကာလအတွင်း စခန်းချနေထိုင်နေသည့် စစ်ကောင်စီတပ်တို့က ကော့ဘိန်းရွာအနီးတဝိုက်ကို လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည့်အပြင် ဒေသခံပြည်သူတို့ကိုလည်း သွားလာခွင့်ပိတ်ပင်ခဲ့သေးသည်ဟု ၎င်းက ဆက်ပြောသည်။
မွန်၊ ကရင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ကော့ဘိန်းကျေးရွာရှိ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာသွားသော်လည်း စစ်ကောင်စီတပ်တို့က စခန်းတွင် ပြန်လည်နေထိုင်ခြင်းမရှိသည့်အပြင် ယနေ့ထိ မည်သည့်ပြင်ဆင်မှုမှ မလုပ်ဆောင်ရသေးဘဲ ပျက်စီးနေဆဲဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုကြသည်။
ဂျိုင်းမြစ်ဒေသတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က စစ်ရေးပဋိပက္ခ ပြင်းထန်ခဲ့ပြီး အိမ်ခြေ ၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့သည့်အတွက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေရဆဲဖြစ်ကြောင်း သိရသည်။
IMNA ပေးပို့သည်။