သျှမ်းမြောက် စစ်ရေးနယ်မြေမဟုတ်သည့် တန့်ယန်းမြို့တွင် “ဝ” သွေးစည်းညီညွတ်ရေးတပ်မတော် “UWSA” တပ်အင်အား ထောင်နှင့်ချီ ရောက်ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ဇူလိုင် ၁၀ ရက်နေ့မှစတင်ပြီး UWSA မှ တပ်အင်အား ၂,၀၀၀ ကျော်ဖြင့် သံလွင်မြစ် အနောက်ဘက်ခြမ်းကိုကူး၍ တန့်ယန်းမြို့ထဲသို့ အင်အားဖြည့်တင်းလာခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ အခု ‘ဝ’ တပ်ဖွဲ့က နေပြည်တော်မှာ စစ်ကောင်စီနဲ ညှိနှိုင်းပြီး တန့်ယန်းမြို့ထဲကို ဝင်လာတာပါ။ တန့်ယန်းမြို့ ထဲကို အင်အား ၂,၀၀၀ ကျော် ရောက်နေပြီ။ မနေ့ (ဇူလိုင် ၁၀ ရက်) နေ့နဲ့ ညက အင်အားဖြည့်လာတာ။ တန့်ယန်းကို သူတို့ထိန်းချုပ်ထားတဲ့သဘောပဲ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
တန့်ယန်းမြို့သို့ အင်အားဖြည့်တင်းလာသည့် “ဝ” တပ်ဖွဲ့ USWA မှာ ထိုင်းနယ်စပ် အမှတ် (၁၇၁) စစ်ဒေသမှ အင်အား ၁,၅၀၀ ကျော်နှင့် တပ်မဟာ ၃၁၈ မှ အင်အား ၅၀၀ ကျော်တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ UWSA တပ်သားတချို့သည် လားရှိုးမြို့သို့ ဆက်လက်ချီတက်ပြီး တချို့သည် တန့်ယန်းမြို့တွင် ကျန်ရှိနေသေးကြောင်း သိရှိရသည်။ သို့သော် အသေးစိတ်ကို ဆက်လက်မေးမြန်းနေဆဲဖြစ်ပါသည်။
လက်ရှိ သျှမ်းမြောက်ဒေသကို ‘ဝ’ တပ်ဖွဲ့ USWA မှ ရုတ်တရက် အင်အားဖြည့်တင်းလာရသည့် အကြောင်းအရင်းအား မိုင်းရယ်၊ တန့်ယန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများ မကျရေးအတွက် စစ်ကူအနေဖြင့် လာရောက်ထိန်းချုပ်ထားခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့အပြင် သျှမ်းမြောက်ဒေသတွင် တိုက်ပွဲဖော်ဆောင်သော MNDAA နှင့် TNLA ၏ နောက်ကွယ်တွင် ‘ဝ’ တပ်ဖွဲ့ UWSA မှ ပါဝင်ပတ်သက်မှု ရှိနေသည်ဆိုသည့် တရုတ်အစိုးရ၏ သံယယစိတ်အပေါ် မရှိစေရန်အတွက် ပြသကြောင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်းအတွင်း ဇန်နဝါရီလ ၅ ရက်နေ့တွင် ဟိုပန်မြို့နှင့် ပန်လုံမြို့ကို မြောက်ပိုင်းမဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ထားစဉ် “ဝ” တပ်ဖွဲ့ USWA မှ အင်အား ဖြည့်တင်းပြီး အလံလွှင့်တင်ခဲ့ဖူးသည်။
ထို့နောက် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဟိုပန်မြို့နှင့် ပန်လုံမြို့တို့ကို ‘ဝ’ တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေအဖြစ် လွှဲအပ်ပေးခဲ့သည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။