ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် စစ်ရေးအခြေအနေတင်းမာလာတာကြောင့် ပုဂ္ဂလိကဘဏ်လုပ်ငန်းများအားလုံး ယခုနိုဝင်ဘာလ ၁၅ ရက်နေ့ကစပြီး လုပ်ငန်းစတင်ရပ်ဆိုင်းသွားပြီဟု ဘဏ်ဝန်ထမ်းထံမှ သိရသည်။
ကျောက်ဖြူမြိူ့မြို့ ရှိပုဂ္ဂလိကဘဏ်များဖြစ်သည့် ကမ္ဘောဇဘဏ်၊ ရိုးမဘဏ်၊ CB ဘဏ်နှင့် ကမ္ဘာ့ရတနာဘဏ်များကို နိုဝင်ဘာ ၁၅ ရက်မှ စတင်ပိတ်လိုက်ပြီဟု ဘဏ်ဝန်ထမ်းအမျိုးသားတစ်ဦးက အတည်ပြုပြောဆိုသည်။
“မနေ့က လပြည့်နေ့ကနေစလို့ ပုဂ္ဂလိကဘဏ်တွေအားလုံးကို ပိတ်လိုက်တယ်။ ပြန်တက်စရာ မလိုဘူး။ အဲ့လိုပြောတယ်။ နယ်ကဝန်ထမ်းတွေကြတော့ ကိုယ့်ရွာကို ပြန်လာကြတာရှိတယ်။ တချို့ကတော့ ရန်ကုန်ကို ပြေးမလားတော့ မသိဘူး။ မြို့ထဲမှာ ကျန်သေးတယ်။ လက်ရှိတော့ ဘဏ်လုပ်ငန်းရပ်ဆိုင်းသွားပြီ” ဟု ၎င်းက ပြောသည်။
ဘဏ်ဝန်ထမ်းများကို နစ်နာကြေး သုံးလစာပေးကာ ဘဏ်များပိတ်လိုက်ခြင်းဖြစ်ပြီး ဆက်လက် တာဝန်ထမ်းဆောင်လိုပါက ရန်ကုန်သို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်နိုင်ကြောင်းကို ဘဏ်တာဝန်ရှိသူများက ပြောဆိုသည်ဟု နောက်ထပ်ဘဏ်ဝန်ထမ်းတစ်ဦးက ပြောပါသည်။
“ရာထူးအကြီးပိုင်းတွေကိုတော့ ခြောက်လစာ ပေးတယ်။ အငယ်ပိုင်းတွေကိုတော့ သုံးလစာ လျော်ကြေးပေးတယ်။ တကယ်လို့ အလုပ်လုပ်ချင်တယ်ဆိုရင် ဒီလအတွင်းမှာ ရန်ကုန်ကဘဏ်တွေမှာ လုပ်လို့ရတယ်ပြောတယ်။ လစာပေးမယ် ပြောတယ်။ မလုပ်ရင်တော့ မရတော့ဘူးပေါ့နော်” ဟု အဆိုပါဘဏ်ဝန်ထမ်းက ပြောသည်။
ပုဂ္ဂလိကဘဏ်များ ရပ်ဆိုင်းသော်လည်း အစိုးရဘဏ်များကို မပိတ်သေးကြောင်း မြို့ခံများက ပြောဆိုသည်။
ပိတ်ထားသည့် ပုဂ္ဂလိကဘဏ်များ၏ အပေါ်ထပ်တွင် စစ်ကောင်စီက နေရာယူတပ်စွဲလာမည်ကိုလည်း ကျောက်ဖြူဒေသခံတို့က စိုးရိမ်နေကြသည်။
ရခိုင်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ချိန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့သည့် မြို့အများအပြားတွင် ဘဏ်လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့သည်။
လက်ရှိ၌ စစ်တွေမြို့တစ်မြို့တည်းတွင်သာ ဘဏ်လုပ်ငန်းများ လည်ပတ်နိုင်တော့သည်။
ပုဂ္ဂလိကဘဏ်လုပ်ငန်း ရပ်ဆိုင်းသွားပြီဖြစ်သည့် ကျောက်ဖြူမြို့တွင် မြို့လယ်နာရီစင်၊ မြို့မဈေးကြီးအပါအဝင် မြို့တွင်းရှိ အချက်အခြာကျသည့်နေရာတိုင်းလိုလိုတွင် ယခုနောက်ပိုင်း စစ်ကောင်စီတပ်က အချိန်ပြည့် ကင်းပုန်းဝပ်ခြင်းများ လုပ်ဆောင်လာကြောင်း မျက်မြင်မြို့ခံများက ပြောဆိုသည်။
ယခုရက်ပိုင်းတွင်း ကျောက်ဖြူမြို့ပေါ်တွင် စစ်ကောင်စီတပ်က ပြည်သူများကို ယခင်ထက် အစစ်အဆေး ပိုမိုတင်းကျပ်လာကြောင်းလည်း မြို့ခံများက ပြောသည်။
ကျောက်ဖြူမြို့တွင် စစ်ကောင်စီက စစ်ရေးပြင်ဆင်လာနေသည့်အတွက် မြို့ပေါ်ရှိ စစ်ကောင်စီ၏ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲမိသားစု၊ စစ်သားမိသားစုနှင့် မြို့ခံများမှာ မြို့မှနေ့စဉ်နှင့်အမျှ ထွက်ခွာလျက်ရှိကြောင်း သိရသည်။
နိရဉ္စရာ ပေးပို့သည်။