သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်း စစ်ကောင်စီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား စစ်ရေးငြိမ်သက်နေပြီဖြစ်သော်လည်း နှစ်ဘက်တပ်များက ထုတ်ပြန်ထားသည့်အမိန့်များ ပြန်လည်ရုပ်သိမ်းပေးခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်က အာဏာသိမ်းစစ်ကောင်စီတပ် နှင့် SSPP/SSA တို့ လဲချားမြို့နယ်အတွင်း တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် သြဂုတ်လ ၇ ရက်တွင် စစ်ကောင်စီမှ ဒေသခံပြည်သူများ ည ၆ နာရီမှ မနက် ၆ နာရီထိ အပြင်ထွက်သွားလာခြင်း မပြုရန် ထုတ်ပြန်တားချက်အား ယနေ့အချိန်အထိ ရုတ်သိမ်းခြင်း မရှိသေးပါ။
လဲချားမြို့ဒေသခံ အမျိုးသားတစ်ဦးက “တိုက်ပွဲကတော့ မဖြစ်တော့ဘူး။ ဒါပေမယ့် သူတို့၂ ဖွဲ့ ထုတ်ပြန်ထားတဲ့ ည ၆ နာရီ ကနေ မနက် ၆ နာရီ အပြင်မထွက်ရ အမိန့်က မရုတ်သိမ်းသေးဘူးÓ ဟု ပြောသည်။
နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာမှု လျော့ပါက ဒေသခံပြည်သူများ အသက်ရှုချောင်ပြီး လယ်ယာလုပ်ငန်းခွင် ကိုလည်း ကောင်းမွန်စွာသွားနိုင်ပြီး ဝါတွင်းကာလအတွင်း ဘုန်းကြီးကျောင်းသွား ဥပုသ်စောင့်တည်နိုင်ကြောင်း ၎င်းက ပြောပါသည်။
“အခုက သေနတ်သံတွေလည်း မကြားရဘူး၊ စစ်ရေးတင်းမာမှုတွေလည်း ဖြေလျော့ကြပြီဆိုတော့ ကျနော်တို့ ဒေသခံတွေ သွားရေးလာရေးလည်း လွယ်ကူတာပေါ့၊ အရင် စစ်ရေးတင်းမာတုန်းကဆို အိမ်ထဲက အိမ်ပြင် မထွက်ရဲကြဘူးÓ ဟု လဲချားမြို့ ဒေသခံတစ်ဦးက ထပ်မံပြောပြသည်။
ထို့ပြင် စစ်ကောင်စီတပ်တို့က ပင်လုံမြို့ဘက်မှ လွိုင်ခန် (လွႆၶၢင်) တွင် တစ်နေရာ၊ မက်လန်းကျေးရွာအနီး တစ်နေရာနှင့် မိုင်းနောင်ဘက်သွားသည့် လမ်းတစ်နေရာတွင် စစ်ဆေးရေးဂိတ် ထားရှိကြောင်းလည်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် လဲချားမြို့နယ်အတွင်း စစ်ရေးအခြေအနေများနှင့် ပတ်သက်ပြီး SSPP/SSA ၏ မြေပြင်အရာရှိ တစ်ဉီးက Òတိုက်ပွဲ ဖြစ်ပြီးကတည်းက အချင်းချင်း စစ်ရေးအခြေအနေ စောင့်ကြည့်မှုတော့ ရှိပါတယ် ၊ သူတို့အပိုင်း သူတို့ဘာသာနေ နေရင်တော့ ကောင်းပါတယ်၊ အချင်းချင်း စောင့်ကြည့်နေရတဲ့ အနေအထားပါ” ဟု ပြောသည်။
လဲချား ဒေသခံပြည်သူများက ပစ်ခတ်တိုက်ပွဲ ဆက်လက် မရှိကြစေချင်သလို ပစ်ခတ်သံများလည်း မကြားလို ကြောင်းနှင့် သီတင်းကျွတ် ကာလအထိ လွတ်လွတ်လပ်လပ် သွားလာလှူဒါန်းလိုကြောင်း ပြောဆိုကြသည်။
“တိုက်ပွဲ ထပ်ဖြစ်မှာကိုတော့ ကြောက်တာပေါ့။ အခုလို အေးချမ်းနေတာပဲ ကောင်းပါတယ်၊ ဝါထွက်ပြီးရင် ယူရမယ့် ကောက်ပဲသီးနှံတွေ ၊ စပါးတွေ အိမ်ရောက်မှ စိတ်ချမ်းသာရမှာလေ၊ တိုက်ပွဲဖြစ်ရင်တော့ အဲ့တာတွေ မယူရဘူးပေါ့၊ ဒါကြောင့်တိုက်ပွဲကတော့ မဖြစ်စေချင်တော့ဘူး” ဟု လဲချားမြို့ အသက် ၃၅ နှစ်အရွယ် ဒေသခံအမျိုးသားက ဆိုပြန်သည်။
လဲချားမြို့အတွင်း စစ်ကောင်စီနှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း လယ်ယာအတွင်း မြေမြှုပ်မိုင်း များ ရှိနေသဖြင့် ဒေသခံများ လယ်ယာသို့ သွားရန် စိုးရိမ်မှုရှိနေကြောင်းနှင့် ပြီးခဲ့သည့် သြဂုတ်လ ၂၁ ရက်တွင် နွား ၂ ကောင် မြေမြှုပ်မိုင်းနင်းမိခဲ့သဖြင့် နွားမွေးမြူသည့် ဒေသခံများသည်လည်း နွားများ မိုင်းနင်းမိမှာကို စိုးရိမ်နေကြသည်ဟု ပြောသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။