စစ်ရေးကြောင့် ရခိုင်ပြည်၊ မြို့နယ် ၁၄ ခု တွင် စာသင်ကျောင်းနှစ်ထောင်ကျော် ယာယီပိတ်ထား

0
417
Photo - MOI

ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးပဋိပက္ခပြင်းထန်နေသည့် မြို့နယ်များ အပါအဝင် စစ်ရေးလှုပ်ရှားမှုများ ရှိနေသည့် မြို့နယ် ၁၄ ခုတွင် အခြေခံပညာစာသင်ကျောင်းပေါင်း ၂,၈၃၀ နီးပါး ရှိသည့်အနက် ကျောင်း ၂,၃၀၀ ကျော်အား ယာယီပိတ်ထားရကြောင်း စုံစမ်းသိရှိရသည်။

စစ်ရေးပြင်းထန်နေသော ပေါက်တော၊ မြောက်ဦး၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား မြို့နယ်များတွင် စာသင်ကျောင်းများအားလုံး ပိတ်ထားရပြီး ကျောက်ဖြူ၊ တောင်ကုတ်၊ မြေပုံ၊ အမ်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနှင့် စစ်တွေမြို့နယ်တို့တွင်လည်း ကျောင်းအများစုကို ပိတ်ထားသည်။

“ဒေသတည်ငြိမ်မှုမရှိတော့ စာမေးပွဲကလည်း မသေချာသေးဘူး။ စာမေးပွဲတွေသာ မစစ်ဆေးနိုင်ရင်တော့ ကလေးတွေအတွက် နစ်နာမှု ရှိတယ်။ တချို့ကလေးတွေလည်း ကျောင်းပြင်ပကို ရောက်သွားနိုင်တယ်” ဟု ပေါက်တောမြို့မှ ထွက်ပြေးတိမ်းရှောင်နေရသော ကျောင်းဆရာတစ်ဦးက ပြောသည်။

ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းများအရ ပေါက်တောမြို့နယ်တွင် အခြေခံပညာစာသင်ကျောင်းပေါင်း ၁၈၆ ကျောင်း ခန့်ရှိပြီး လက်ရှိတွင် မြေငူကျွန်းရှိ ကျေးရွာတချို့၌သာ ကျောင်းဖွင့်လှစ်နိုင်ကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်နေသော မြောက်ဦးမြို့၌လည်း မြို့ခံအားလုံးနီးပါးမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေရသဖြင့် ကလေးငယ်များမှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေကြသည်။ မြောက်ဦးမြို့နယ်တွင် အခြေခံပညာ စာသင်ကျောင်းပေါင်း ၂၄၄ ကျောင်း ရှိပြီး ကျောင်းအားလုံးနီးပါးမှာ စစ်ရေးပဋိပက္ခကြောင့် ပိတ်ထားရသည်။

“ဘယ်အချိန်ထိ ပြေးနေရမှာလည်း မသိသေးဘူး။ အရင်ကလည်း ကိုဗစ်၊ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ကျောင်းတွေ ပိတ်ခဲ့ပြီးပြီဆိုတော့ ကလေးတွေရဲ့ပညာရေးကို မထိခိုက်စေချင်တော့ဘူး” ဟု မြောက်ဦးမြို့မှ ကျောင်းသားမိခင်တစ်ဦးက ပြောသည်။

ရမ်းဗြဲမြို့တွင်လည်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်မှ စ၍ တိုက်ပွဲဖြစ်ပွားနေတာကြောင့် မြို့ပေါ်လူထုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသဖြင့် စာသင်ကျောင်းများကိုလည်း ပိတ်ထားရသည်။

ရခိုင်ပြည်ရှိ အခြေခံပညာစာသင်ကျောင်းအားလုံးကို ဖွင့်လှစ်ထားရမည်ဟု ပြည်နယ်ပညာရေးမှူးရုံးက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း၌ ညွှန်ကြားထားသော်လည်း မြို့နယ် ၆ ခုတွင် စစ်ရေးပြင်းထန်နေ၍ ဒေသခံများမှာ ထွက်ပြေးနေရပြီး ကျန်မြို့နယ် ၈ ခုမှာလည်း နှစ်ဖက်တပ်များ စစ်ရေးလှုပ်ရှားမှုများ ရှိနေ၍ စာသင်ကျောင်းများ ပိတ်ထားရခြင်း ဖြစ်သည်။

“တိုက်ပွဲဖြစ်ကတည်းက မြို့ကလူတွေ အကုန်လုံး ဘေးလွတ်ရာကို တိမ်းရှောင်နေကြတာ။ ကျောင်းတွေလည်း အကုန်လုံး ပိတ်ထားရတယ်။ ပညာရေးဌာနအနေနဲ့ စစ်ဘေးရှောင်နေရတဲ့ကလေးတွေ ပညာသင်ခွင့် မဆုံးရှုံးအောင် တစ်ခုခု စီစဉ်ပေးစေချင်တယ်” ဟု ရမ်းဗြဲမြို့မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ရခိုင်တပြည်လုံးတွင် အခြေခံပညာစာသင်ကျောင်းပေါင်း ၃,၁၀၀ ကျော် ရှိပြီး ယခုနှစ် ပညာသင်ကြားသည့် ကျောင်းသားသူပေါင်း ၅၃၄,၇၀၀ ကျော် ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

နေရပ်စွန့်ခွာ ထွက်ပြေးနေကြသော ကျောင်းသားလူငယ်များ ပညာဆက်လက်သင်ကြားမှု ရရှိနိုင်ရေးအတွက် မည်သို့စီစဉ်ပေးသွားမည် ဆိုသည်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန် ဆက်သွယ်ရာတွင် “DMG သတင်းဌာနကို အင်တာဗျူးဖြေကြားခွင့်မရှိ” ဟု ဖြေကြားခဲ့သည်။

စစ်ရေးဋိပက္ခကြောင့် မြန်မာနိုင်ငံတွင် ကလေးငယ် ၄ သန်းကျော် ပညာသင်ကြားခွင့် ပျောက်ဆုံးနေပြီး တိုက်ပွဲ အတွင်း ပစ်မှတ်ထားခံနေရကာ ကလေးသူငယ်ဆိုင်ရာဥပဒေပါ အခွင့်အရေးကို ဆုံးရှုံးနေရသည်ဟု UNICEF Myanmar က ထုတ်ပြန်ထားသည်။

ပညာရေးပြတ်တောက်ခြင်းသည် ကလေးများ၏ ပညာရေးနှင့်အိပ်မက်များကို အဟန့်အတားဖြစ်စေရုံသာမက နိုင်ငံ၏ အနာဂတ် စီးပွားရေးထုတ်လုပ်နိုင်စွမ်းကိုလည်း ပြင်းပြင်းထန်ထန်အန္တရာယ်ဖြစ်စေနိုင်ဟု UNICEF က ပြောဆိုထားသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here