ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခဖြစ်ပွားနေမှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသအထက်ပိုင်းရှိ ဒေသခံများသည် ကျန်းမာရေးဆိုင်ရာနှင့်ပတ်သက်၍ အခက်အခဲများ ကြုံတွေ့နေကြရသည်။
စစ်ရေးကာလတွင် ခရီးသွားလာခွင့်အခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် တောဖျားချောင်းဒေသရှိ ကျေးလက်ကျန်းမာရေးဌာန အပါအဝင် ကုန်စုံဈေးဆိုင်များ၌ အခြေခံအိမ်သုံးဆေးဝါးကအစ ပြတ်လပ်နေကြောင်း ဒေသခံများက ပြောသည်။
“ဆေးဝါးတွေ ပြတ်လပ်နေတော့ ဆီးချို၊ သွေးတိုး ရောဂါသည်တွေက ပိုအခက်ကြုံရတယ်။ ဖျားနာ၊ ချောင်းဆိုး ရင်တောင် သောက်မယ့်ဆေး မရှိဘူး” ဟု သင်းပုန်းတန်းကျေးရွာမှ ဦးသန်းထွန်းက ပြောသည်။
အယ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် အပူချိန်သိသိသာသာ မြင့်တက်လာ၍ ရခိုင်ပြည်ရှိဒေသခံများမှာ ဖျားနာ၊ ချောင်းဆိုး၊ ဝမ်းပျက်ဝမ်းလျှော စသည့် နာမကျန်းရောဂါများ အဖြစ်များနေကြသည်။
ရာသီဥတုပူပြင်းမှုကြောင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများမှာ ပို၍နာမကျန်းအဖြစ်များနေပြီး အပူဒဏ်ကို ကာကွယ်ရန်အတွက် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များစွာ ရှိနေကြသည်။
“အခုက အပူချိန်လွန်ကဲနေတော့ နေမကောင်း ဖြစ်ကြတယ်။ ဆေးဝါးမပြောနဲ့ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်လို ဓာတ်ဆားတစ်ထုပ် သောက်ချင်တာတောင် ရှာမရဘူး။ အရေးပေါ် ကျန်းမာရေးဆိုရင်တော့ စိုးရိမ်ရတယ်” ဟု တောင်ဖျားချောင်းဒေသ၊ ဆင်သည်ကျေးရွာသားတစ်ဦးက ပြောသည်။
တောဖျားချောင်းအထက်ပိုင်းရှိ ဆင်သည်၊ ဩရမ၊ ဆင်ဖြူတောင်၊ ခွေးသေ၊ သင်းပုန်း၊ အောင်မြေကုန်း၊ ပါးပွေ၊ ချောင်းပေါက် စသည့် ကျေးရွာပေါင်း ၃၀ ခန့်မှာ ကျန်းမာရေးဆိုင်ရာ ကိစ္စနှင့်ပတ်သက်၍ တောင်ဖျားချောင်း အောက်ပိုင်းရှိ ပိုးရွှပြင်ကျေးရွာကို အဓိက အားကိုးနေကြရသည်။
အရေးပေါ်ကျန်းမာရေးကိစ္စ တစုံတရာဖြစ်လာပါက ပိုးရွှပြင်တိုက်နယ်ဆေးရုံသို စက်လှေဖြင့်သွားရောက်ရပြီး လက်ရှိကာလ စက်သုံးဆီဈေးနှုန်း မြင့်တက်နေခြင်းကလည်း စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်ဟု ဆိုသည်။
ခွေးသေကျေးရွာမှ ဒေါ်လှမေက “ ကျမတိုရွာကဆိုရင် စက်လှေနဲ့ ငါးနာရီလောက် မောင်းရတယ်။ အခု ဓာတ်ဆီ တစ်လီတာကို တစ်သောင်းခွဲထိ ဖြစ်နေတော့ ဆေးခန်းတစ်ခေါက်ပြဖို အသွားအပြန် တစ်သိန်းကျော်နေပြီ။ ဆေးဝါးစရိတ်ပါ တွက်မယ်ဆိုရင် နှစ်သိန်းသုံးသိန်းနီးပါး ဖြစ်သွားပြီ။ ဆေးဝါးတွေကလည်း ဈေးကြီးတာကိုး။ ဒါကြောင့် နေမကောင်းဖြစ်ရင် တောဆေးတောင်ဆေးကိုပဲ အားကိုးနေရတယ်” ဟု ပြောသည်။
တောဖျားချောင်းဒေသသည် နဂိုကတည်းက ဝေလံခေါင်ဖျားသောဒေသတစ်ခု ဖြစ်သည့်အလျှောက် ဖုန်းလိုင်း၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် အခက်အခဲများ ရှိနေရသည့်အထဲ စစ်ရေးကာလတွင် ဒေသခံများ ပို၍ ဒုက္ခရောက်နေရခြင်း ဖြစ်သည်။
တိုက်ပွဲစတင် ဖြစ်ပွားချိန်မှစ၍ ရခိုင်ဒေသကို စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်း ခရီးသွားလာခွင့် ပိတ်ဆိုထား၍ စားနပ်ရိက္ခာ၊ ဆေးဝါး၊ ကုန်စည်၊ စားသောက်ကုန်များ ပြတ်တောက်ပြီး ဒေသခံများ၏ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာနေရသည်။
အောင်ထိန် (DMG) ပေးပို့သည်။