မန္တလေးတိုင်းဘက်ကနေ ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဦးတည်ပြီး စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ရိက္ခာနဲ့ လက်နက်ပစ္စည်းများ သယ်ဆောင်လာတဲ့ စစ်သင်္ဘော ၉ စီး ဆန်တက်လာတဲ့အတွက် မြစ်ကြောင်း တလျှောက်မှာရှိတဲ့ ကျေးရွာတွေမှာ တိုက်ပွဲဖြစ်လာနိုင်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောသည်။
ဇူလိုင် ၂၆ ရက်နေ နံနက် ၅ နာရီ ဝန်းကျင်လောက်မှာ မန္တလေးရေတပ်စခန်းကနေ ဧရာဝတီမြစ်ကြောင်း တလျှောက် စစ်ရိက္ခာနဲ့ လက်နက်ပစ္စည်း သယ်ဆောင်လာတဲ့ စစ်သင်္ဘော ၆ စီး၊ ရိက္ခာသယ် စစ်သင်္ဘောကို လုံးခြုံရေးယူပေးတဲ့ စစ်သင်္ဘော ၃ စီးနဲ့အတူ စစ်လေယာဉ်တစ်စီးက ဝေဟင်ကနေ လုံခြုံရေးယူပေးပြီး ဆန်တက်လာတယ်လို့ မြို့လှ PDF အဖွဲ့က ပြောသည်။
“သူတို့တက်လာပြီ ဆိုကတည်းက တိုက်ပွဲကဖြစ်မှာ သေချာတယ်။ အနည်းနဲ့အများ ကွာလိမ့်မယ်။ တဖက်က မပစ်ရင်တောင် တဖက်ကပစ်မှာ သေချာတယ်။ ဒါကြောင့် ဒေသခံပြည်သူတွေအနေနဲ့လည်း သတိထားပြီး လုံခြုံရေးအတွက် ဂရုစိုက်စေချင်တယ်” လို့ မြို့လှ PDF တပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အခုလို စစ်ကောင်စီဘက်က စစ်အင်အားလုံးအရင်း၊ လုံခြုံရေးအပြည့်ဖြင့် စစ်သင်္ဘောများ ဆန်တက်လာတဲ့ သတင်းကြောင့် ဧရာဝတီမြစ်ကမ်းတလျှောက်မှာရှိတဲ့ ကျေးရွာနေ ပြည်သူများဟာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်လာမှာကို စိုးရိမ်နေကြတယ်လို့ မြို့လှ PDF တပ်ဖွဲ့၏ တာဝန်ရှိသူက အခုလို ပြောသည်။
“ဒါက အရင်တုန်းကလည်း ကြုံဖူးတော့ ဒေသခံတွေက စစ်သင်္ဘောတွေ တက်လာပြီဆိုတော့ ကြောက်နေ ကြတယ်။ မြစ်ကြောင်းတက်လာတဲ့အတိုင်း သူတို့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်တော့ ရွာနားတွေ လက်နက်ကြီးတွေ ကျတာလေ။ အဲ့ကြောင့် ပြည်သူတွေက အဝေးကြီးတွေကနေ ရှောင်နေရကြတာ။ ကျနော်တို့ ကိုယ်တိုင်လည်း မြေပြင်ကို ကြည့်ပြီးတော့ သွားလာလှုပ်ရှားနေရတာ ဟုတ်တယ်” လို့ ၎င်းက ပြောသည်။
စစ်ကောင်စီ တပ်ဖွဲ့သည် ဇူလိုင်လ ၂၅ ရက်နေ့က စပြီး ကချင်ပြည်နယ်နှင့် စစ်ကိုင်းအစပ် မင်းကျောင်းကုန်းနဲ့ ချောင်းဝ ဒေသမှာရှိတဲ့ မြစ်ကြောင်းတလျှောက် နေရာတဝိုက် စစ်အင်အား ၁၅၀ လောက် ကင်းပုန်းချ တပ်စွဲထားပြီ ဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ပြောဆိုမှုအရ သိရသည်။
စစ်သင်္ဘော ၉ စီးနဲ့ သယ်ဆောင်လာတဲ့ စစ်ကောင်စီရဲ့ စစ်ရိက္ခာများမှာ ဗန်းမော်ဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေ အတွက် စစ်အင်အားဖြည့်တင်းဖို့ သယ်ဆောင်လာတာ ဖြစ်နိုင်ပြီး ဒီလမကုန်မှီ ကချင်ပြည်နယ် ဘက်ခြမ်းကို ရောက်ရှိလာနိုင်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
ကချင်ပြည်နယ်ဘက်ခြမ်းကို စစ်ကောင်စီတပ်ရဲ့ စစ်ရိက္ခာများ သယ်ဆောင်မှု ရပ်နားထားသည်မှာ ၁၀ လ ဝန်းကျင် ကြာမြင့်လာခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည် သယ်ဆောင်လာတာ ဖြစ်တယ်လို့ ဒေသဆိုင်ရာ သတင်းအရင်းအမြစ်တွေက ပြောဆိုသည်။
ပြီးခဲ့သည့် နှစ်တွေထဲ စစ်ကောင်စီတပ်က ရေကြောင်းအသုံးပြုပြီး စစ်ရိက္ခာ သယ်ဆောင်ရာတွင် မြစ်ကြောင်း တလျှောက် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် မြစ်ကြောင်းတလျှောက်မှာရှိတဲ့ ကျေးရွာတချို့ နေအိမ်များ ထိခိုက်ပျက်စီးမှုများ ရှိခဲ့တယ်လို့ ဒေသဆိုင်ရာ သတင်းရင်းမြစ်တွေက ပြောသည်။
KNG ပေးပို့သည်။