စစ်ရာဇဝတ်မှုများကြောင့် တော်လှန်ရေးအရှိန် ရပ်တန့်သွားမည်မဟုတ်ဟု မွန်တော်လှန်ရေးအဖွဲ့များပြောဆို

0
184
ပုံစာ - ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာမှ တိမ်းရှောင်ထွက်ပြေးလာကြသည့် ဒေသခံတချို့။ (Photo – MSFC)

စစ်ကောင်စီက ပြည်သူလူထုကို ပစ်မှတ်ထားကျူးလွန်သည့် စစ်ရာဇဝတ်မှုများကြောင့် တော်လှန်ရေးအရှိန်အဟုန် ရပ်တန့်မသွားနိုင်ကြောင်း စစ်ကောင်စီကိုဆန့်ကျင်သော မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးအင်အားစုများက ထုတ်ပြန် ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့က မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာသို့ စစ်ကောင်စီက ဂျိုင်းမြစ်အတွင်းရှိ စစ်သင်္ဘောမှ လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာရှိ နေအိမ် ၃၀၀ ဝန်းကျင် မီးလောင်ပြာကျ ခဲ့ရသည့်ဖြစ်စဥ်နှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့(NMSP-AD) နှင့် မွန်ပြည် ဖက်ဒရယ်ကောင်စီ-MSFC တို့က မတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုခြင်း ဖြစ်သည်။

မတ်လ ၂၄ ရက်နေ့က မွန်တော်လှန်ရေးတပ်များနှင့် မဟာမိတ်အင်အားစုများ ပူးပေါင်းပြီး ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့မှုနှင့် ပတ်သက်၍ တော်လှန်ရေးအဖွဲ့များအား ပြည်သူလူထု အကူအညီမရရှိရန် ခြိမ်းခြောက်တိုက်ခိုက်ပြသည့် ထိုကဲ့သို့သော စစ်ရာဇဝတ်မှုကို စစ်ကောင်စီက ကျုးလွန်ခြင်း ဖြစ်ပြီး ယင်းလုပ်ရပ်က တော်လှန်ရေးအရှိန်ကို ရပ်တန့်နိုင်မည်မဟုတ်ဟု MSFC အုပ်ချုပ်ရေးကော်မတီဥက္ကဌ နိုင်မွန်စိုင်းက ယခုလိုပြောသည်။

“စစ်ကောင်စီက ပြည်သူလူထုကို ခြိမ်းခြောက်တဲ့သဘောပါပဲ။ပ ရက်ရက်စက်စက် ပြည်သူတွေကိုပစ်မှတ်ထားပြီး တိုက်ခိုက်ခြင်းအားဖြင့် ပြည်သူတွေက မွန်တော်လှန်ရေးအဖွဲ့အစည်းတွေကို မကူညီနိုင်အောင် ဒုက္ခ အကြီးအကျယ် ရောက်သွားအောင် လုပ်တာပေါ့လေ ဒီလိုလုပ်ရပ်တွေက တော်လှန်ရေးကို ရပ်တန့်နိုင်မယ်တော့ မထင်ပါဘူး။ ပိုပြီးတော့တောင် တော်လှန်ရေးကြီးထွားလာဖို့ပဲရှိတယ်” ဟု နိုင်မွန်စိုင်းက ပြောသည်။

ထို့အပြင့် ၁၉၄၈ ခုနှစ် မွန်၊ ကရင် တော်လှန်ရေးကာလအတွင်းကလည်း စစ်ကောင်စီက မွန်လူမျိုးများနေထိုင်ရာ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းဖြင့် ပြည်သူ့တော်လှန်ရေး ရပ်တန့်သွားရန် ကြိုးပမ်းခဲ့သလို အလားတူ လုပ်ရပ်များက စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော အင်အားစုများအကြား စုစည်းညီညွှတ်မှုနှင့် ပြည်သူလူထု၏ ပံ့ပိုးကူညီမှုကို ရရှိလာနိုင်ကြောင်း ၎င်းက ဆက်ပြောဆိုသည်။

ကော့ဘိန်းရွာရဲစခန်းတိုက်ပွဲတွင် ပူးပေါင်းပါဝင်ခဲ့သော NMSP-AD ကလည်း တိုက်ပွဲရက်မှစ၍ အဆိုပါဒေသရှိ ဓမ္မသ အပါအဝင် ကော့ဘိန်း၊ ကော့ပေါက်၊ ကော့ကျိုက် စသော ကျေးရွာများအား စစ်ကောင်စီက နေ့စဥ် ရေကြောင်း၊ လေကြောင်းသုံး ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူထုအသက်အိုးအိမ်များ ထိခိုက်နစ်နာရသည့်အပေါ် ၎င်းတို့အနေဖြင့်လည်း စစ်ကောင်စီကို အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ဓမ္မသရွာမီးလောင်မှုသည် မတ်လ ၂၈ ရက်နေ့ ညပိုင်းအထိ ဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရပြီး၊ စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းသုံး၍ ဆက်တိုက်ပစ်ခတ်နေသဖြင့် ဘေးလွတ်ရာတွင် ပုန်းအောင်နေထိုင်ရသည်ဟုလည်း ဒေသခံများက ပြောသည်။

ဓမ္မသရွာခံတစ်ဦးက “ဓမ္မသရွာမှာ မတ်လ ၂၈ ရက်နေ့ ည ၉ နာရီထိ မီးထပ်လောင်တယ်။ ဇာသပြင်၊ အိန္ဒုလမ်း မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းကနေ တညလုံးလက်နက်ကြီးနဲ့ လှမ်းပစ်နေတာပါ။ သင်္ဘောပေါ်က ပစ်တဲ့အပြင် လေယာဥ်နဲ့လည်း တစ်ညလုံး ဗုံးကြဲချတာပဲ။ တစ်ရွာလုံးနီးပါး မီးလောင်ကုန်ပြီ။ ရွာကတချို့လူတွေကတော့ အနားကရွာတွေမှာ ရှောင်ကြတယ်။ တချို့ကတော့ ရွာထဲမှာရှိတဲ့ ဂူတွေထဲမှာ ရှောင်ကြတယ်” ဟု ဓမ္မသရွာ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး ပြောပါသည်။

စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်မှုအတွင်း ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိသည့်အပြင် ဒေသခံ ၆၀၀၀ ထောင်ကျော်သည် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး သံဃာတော်များ၊ ပရဟိတအဖွဲ့များ၊ ဒေသခံပြည်သူများလည်း အရေးပေါ်အကူအညီရရှိရန် ကြိုးပမ်းဆောင်ရွက်ပေးနေကြောင်း မွန်ပြည်နယ်တော်လှန်ရေးအဖွဲ့များနှင့် နယ်မြေသတင်းအရင်းအမြစ်များက ပြောသည်။

ထို့အပြင် MSFC က ၎င်းတို့၏ ထုတ်ပြန်ချက်အတွင်း ဓမ္မသရွာမီးလောင်နေစဥ် မီးသတ်ကားများ ဝင်ရောက် မီးငြိမ်းသတ်ခွင့် မပေးခဲ့သော စစ်ကောင်စီ၏လုပ်ရပ်ကို ရှုတ်ချထားပြီး စစ်ဘေးရှောင်များအတွက် လူသားချင်း စာနာမှုအကူအညီများပေးရန် နိုင်ငံတကာနှင့် အရပ်ဖက်အဖွဲ့အစည်းများကို တောင်းဆို တိုက်တွန်းထားသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here