5 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းစစ်မှုထမ်းအဖြစ် စုဆောင်းခံရသည့် စစ်ကောင်စီတပ်သား ၇ ဦး KNDF ထံ ခိုလှုံ

စစ်မှုထမ်းအဖြစ် စုဆောင်းခံရသည့် စစ်ကောင်စီတပ်သား ၇ ဦး KNDF ထံ ခိုလှုံ

စစ်ကောင်စီ၏ စစ်မှုထမ်းအဖြစ် အတင်းအဓမ္မစုဆောင်းခြင်းခံရပြီး ကရင်နီပြည် ရှေ့တန်းစစ်ဆင်ရေးသို့ ပို့ဆောင်ခံရသည့် စစ်ကောင်စီတပ်သား ၇ ဦးသည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း အသီးသီးထံ ထွက်ပြေးခိုလှုံလာသည်ဟု KNDF က ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါခိုလှုံလာသော တပ်သား ၇ ဦးသည် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းအဖြစ် အတင်းအဓမ္မစုဆောင်းခြင်းခံရပြီး စစ်ကောင်စီလက်အောက်၌ စစ်မှုထမ်းရန် ဆန္ဒမရှိကြကြောင်း ပြောဆိုကြပြီး၊ စစ်ကောင်စီ၏ ပေါ်တာဆွဲခံရခြင်း၊အတင်းအဓ္ဓမ စုဆောင်းခြင်းခံရသူများ ဖြစ်တာကြောင့် ယခုလိုရှေ့တန်းစစ်ဆင်ရေးအတွင်း ထွက်ပြေးခိုလှုံလာခဲ့ကြသည်ဟု ဆိုသည်။

ခိုလှုံလာသူ ၇ ဦးအနက် ၃ ဦးသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်နေ့က လွိုင်ကော်မြို့ပြင်၌ရှိသည့် ကင်းစခန်းတစ်ခုကနေ လက်နက်မဲ့ထွက်ပြေးလာခဲ့သည့် ခမရ (၄၃၀) တပ်ရင်းကဖြစ်ကြောင်း သိရသည်။

ကျန် ၄ ဦးမှာ လွိုင်လင်လေးမြို့ပြင်၌ရှိသည့် ထီးစဲခါးကင်းစခန်းတစ်ခုကနေ ထွက်ပြေးလာသော ခလရ (၂၄၇) တပ်က ဖြစ်ပြီး MA-3 ၃ လက် ၊ MA-1 ၁ လက်နှင့်အတူ ဇန်နဝါရီ ၂၃ ရက်နေ့တွင် ဝင်ရောက်ခိုလှုံလာသည်ဟု KNDF ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း လွိုင်ကော်မြို့အခြေစိုက် ခလရ (၂၆၁) တပ်ရင်းက တပ်သားတစ်ဦး လက်နက်နှင့်အတူ KNDF ထံ ထွက်ပြေးခိုလှုံလာခဲ့သေးသည်။

KNDF ၏ ထုတ်ပြန်ချက်စာရင်းအရ ဇန်နဝါရီလတစ်လအတွင်း KNDF ထံ ထွက်ပြေးခိုလှုံလာသော စစ်ကောင်စီတပ်သား ၈ ဦးရှိပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု ဆိုထားသည်။

KNDF ၏ CDM ဌာနမှ ဌာနမှူးမင်းသားက “မြေပြင်လုံခြုံရေးတော့ ရာနှုန်းပြည့် တာဝန်ယူပေးတယ်။ စားဖို့သောက်ဖို့ တာဝန်ယူပေးတယ်။ စရောက်ပြီလို့ ပြောတာနဲ့ သူတို့ ဝတ်ဖို့နေဖို့ စားဖို့သောက်ဖို့ အကုန်လုံး တာဝန်ယူ ပေးတယ်ပေါ့နော” ဟု ဘက်ပြောင်းခိုလှုံလာသူများ၏ အခြေအနေကို တင်ပြထားသည့် ရုပ်သံဖိုင်တွင် ပြောဆို ထားသည်။

ကျန်ရှိနေသေးသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေနှင့်လည်း စစ်အာဏာရှင်များ၏ အကျိုးစီးပွားအတွက် ရပ်တည်မနေဘဲ စစ်ကောင်စီတပ်သားအဖြစ်ကနေ စွန့်ခွာပြီး ပြည်သူလူထုထံ ခိုလှုံလာကြရန်လည်း KNDF က တိုက်တွန်းထားသည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။