စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်မှုထမ်းအစားထိုးရန် ငွေကြေးသိန်းတစ်ရာကျော် တောင်းခံခဲ့သည့် မြို့နယ်ရဲမှူးနှင့် အုပ်ချုပ်ရေးမှူးတို့ကို ဖမ်းဆီးအရေးယူခဲ့ကြောင်း ဒေသခံတို့နှင့် စစ်ကောင်စီထုတ်ပြန်မှုအရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်နေ့ ညပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်သောအဖွဲ့က မြို့ပေါ်ရပ်ကွက်များအတွင်း ဧည့်စာရင်းစစ်ဆေးပြီးနောက် ဧည့်စာရင်းမတိုင်ထားသည့် လူငယ်တစ်ဦးကို စစ်မှုထမ်းရမည်ဟု ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။
အဆိုပါလူငယ်ကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက် ၎င်း၏မိဘများကို ဆက်သွယ်၍ ကျပ်သိန်း ၁၃၀ ပေးပါက စစ်မှုထမ်း အစားထိုးလဲလှယ်ပေးမည်ဟု အုပ်ချုပ်ရေးစာရေးများက ပြောဆိုခဲ့ရာတွင် လူငယ်မိဘများက ဆွေမျိုးများဆီကတဆင့် အုပ်ချုပ်ရေးစာရေးများကို ဇန်နဝါရီ ၂၅ ရက်နေ့တွင် ငွေပေးဆောင်ခဲ့သည်ဟု ဆိုသည်။
ထိုသို့ ငွေကြေးပေးဆောင်ပြီး တစ်ရက်အကြာတွင် ငွေကြေးအလွှဲသုံးစားမှု သတင်းကြောင့် ရဲမှူး၊ အုပ်ချုပ်ရေးစာရေးတို့ကို စစ်ဆေးပြီးအရေးယူခဲ့ကြောင်း စစ်ကောင်စီက ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကြေညာခဲ့သည်။
ပြည်သူ့စစ်မှုထမ်းနှင့်ပတ်သက်ပြီး အုပ်ချုပ်ရေးဌာနများက ငွေကြေးတောင်းခံပြီး လူစားထိုးမှုများအပါအဝင် အရပ်သားဒေသခံများဆီက စစ်မှုထမ်းအကြောင်းပြ ငွေကြေးတောင်းခံမှုများစွာရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည်။
စစ်ကိုင်းဒေသခံအမျိုးသမီးတစ်ဦးက “စစ်မှုထမ်းတွေက အုပ်ကြီးတွေ အဓိကရနေတာ ကြားနေရတာ။ သူတို့အတွက်က ဂွင်ရိုက်လို့ကောင်းအောင် ဒီစစ်မှုထမ်းဥပဒေက ဖြစ်နေတာ။ အခုက မြို့ပေါ်ကိုလာတဲ့ ကလေးတွေ ပိုဖမ်းတယ်။ အခုမြို့ပေါ်ကိုလည်း မသွားရဲ ၊မြို့ကလည်း ဒီဘက်ကိုမလာရဲဘူး” ဟု ပြောသည်။
စစ်ကိုင်းတိုင်းအောက်ပိုင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် လူငယ်များ မကြာခဏဖမ်းဆီးခံရပြီး စစ်မှုမထမ်းလိုလျှင် ငွေကြေးဖြင့် ကျပ်သိန်း ၂၀ ကစ၍ သိန်း ၁၀၀ အထိ ပေးဆောင်နေကြရကြောင်း စုံစမ်းသိရှိရသည်။
ရှမ်းနီအသံ ပေးပို့သည်။