စစ်မှုထမ်းရန် တိမ်းရှောင်ထွက်ပြေးသည့် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်ဒေသခံနေအိမ်များ ချိတ်ပိတ်ခံနေရ

0
577
Photo - CJ

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်ရှိ ကျေးရွာတချို့တွင် စစ်ကောင်စီထုတ်ပြန်သည့် စစ်မှုထမ်းဥပဒေမှ တိမ်းရှောင်ရန် နေရပ်စွန့်ခွာထွက်ပြေးသည့် ဒေသခံနေအိမ်များအား စစ်ကောင်စီတပ်က ချိတ်ပိတ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ဒိုက်ဦးမြို့နယ်ရှိ ကျေးရွာများတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက စစ်ကောင်စီတပ်က စစ်မှုထမ်းရန် အရပ်သားများအား ခြိမ်းခြောက်ဖိအားပေး ခေါ်ယူနေသဖြင့် စစ်မှုမထမ်းလိုသူ အချို့ဒေသခံများက နေအိမ်လုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြသည့်အတွက် ၎င်းတို့၏နေအိမ်များမှာ ချိတ်ပိတ်ခံလိုက်ရခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ ရွာခံတစ်ဦးက ပြောသည်။

“လုံးဝ စစ်မှုထမ်းတဲ့အထဲ မပါတဲ့အိမ်‌တွေ စစ်တပ် လာချိတ်ပိတ်သွားတယ်။ ပါသွားတာ ၄၊ ၅ အိမ်ရှိပြီ။ အခု အိမ်အပိတ်ခံရမှာစိုးလို့ ဘယ်သူမှ မပြေးရဲတော့ဘူး။ အိမ်ကတော်သေးတယ် လယ်တွေယာတွေပါ ချိတ်ပိတ်ခံရရင် မလွယ်ဘူးလေ။ အားလုံးနီးပါး စစ်မှုထမ်းလိုက်တဲ့ရွာတွေကတော့ အပိတ်မခံရဘူး” ဟု အဆိုပါရွာခံက ပြောသည်။

စစ်မှုထမ်းခေါ်ယူရာတွင်လည်း စစ်တပ်က အသက်ကြီးသူ၊ အသက်ငယ်သူမရွေး စုဆောင်းခေါ်ယူနေခြင်းဖြစ်ပြီး စစ်မှုထမ်း မလိုက်သူများက လိုက်သူများအတွက် တစ်လလျှင် မြန်မာကျပ်ငွေ နှစ်သိန်း ထောက်ပံ့ပေးရသည်ဟုလည်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

အဆိုပါရွာခံက “မလိုက်တဲ့သူက လိုက်တဲ့သူအတွက်ဆိုပြီး တစ်လနှစ်သိန်း ပိုက်ဆံပေးရတယ်။ အိမ်ချိတ်ပိတ် ခံရတဲ့အပြင် စစ်မှုမထမ်းရင် ရွာကိုမီးရှို့မယ်ဆိုပြီး စစ်တပ်ကပြောလာတာတွေလည်းရှိတော့ မပေးလို့ မနေရဲဘူး” ဟု ပြောပါသည်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး ရက်ပိုင်းအတွင်း ဒိုက်ဦးမြို့နယ်သာမက ပဲခူးတိုင်း အတွင်းရှိ မြို့နယ်၊ ကျေးရွာများတွင် စစ်မှုထမ်းရန် လူစုဆောင်းမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာသဖြင့် စစ်မှုထမ်းဥပ‌ဒေ အကျုံးဝင်သူလူငယ်များသည်လည်း နည်းမျိုးစုံဖြင့် နေရပ်စွန့်ခွာနေကြရသည်။

“ပဲခူးဘက်ကလိုပဲ KNU နယ်မြေအတွင်းက တပ်မဟာတွေမှာလည်း ဒီလိုဖြစ်စဉ်တွေ ဖြစ်ခဲ့ပါတယ်။ ဒါက စစ်မှုထမ်းဥပဒေရဲ့ နောက်ဆက်တွဲကြောင့်ပါ။ အခုနောက်ပိုင်းက အရင်ကထက်ပိုပြီး ပြောင်ပြောင်တင်းတင်း ကျူးလွန်လာတာဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ လုံခြုံရေးကို ပိုပြီးထိပါးလာတာပေါ့။ ကရင်ပြည်နယ်အပါအဝင် နိုင်ငံတဝှမ်းမှာ ဒီလိုအခြေအနေအပါအဝင် ဆက်ကြုံတွေ့နေရဦးမှာပါပဲ” ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ – KHRG ဒါရိုက်တာစောနန္ဒဆူးက အထက်ပါအခြေအနေများနှင့် ပတ်သက်ပြီး မှတ်ချက်ပြုပြောသည်။

ထို့‌အခြေအနေများကြောင့် လူ့အခွင့်အရေးရှုထောင့်အရ စစ်မှုထမ်းဥပဒေသည် လူငယ်များ၏ အနာဂတ်မျှော်မှန်းချက်ကို ပျောက်ဆုံးစေပြီး ကျန်ရှိမိသားစုဝင်များသည်လည်း အကြောက်တရားအောက် နေထိုင်နေရ သည့်အတွက် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုဖြစ်သလို ကြီးလေးသောရာဇဝတ်မှုများ ကျူးလွန် စေရန်တွန်းပို့ရာရောက်ကြောင်း KHRG က မတ်လ(၆) ရက်နေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here