စစ်ဘေးရှောင်ရန်သွားသည့် စစ်တွေမှ ကလေးငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများအပါအဝင် ၄၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်ဖမ်းဆီးထား

0
86
ပုံစာ - ပြီးခဲ့သည့်စစ်ရေးကာလအတွင်း ရခိုင်ဒေသခံများအား စစ်ကောင်စီကဖမ်းဆီးသွားစဉ်။ (Photo -CJ)

ရခိုင်ပြည်၊ စစ်တွေမြို့နယ်မှ ပုဏ္ဏားကျွန်းမြို့နယ်သို့ စစ်ဘေးရှောင်ရန်သွားသည့် ကလေးငယ်များအပါအဝင် အမျိုးသမီးများနှင့် သက်ကြီးရွယ်အို ၄၀ ထက်မနည်းကို ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီများက ဖမ်းဆီးသွားကြောင်း ဖမ်ဆီးခံရသူများနှင့် နီးစပ်သူများထံမှ သိရသည်။

မ်းဆီးခံရသူများမှာ စစ်တွေမြို့နယ်၊ သိန်းတန်ကျေးရွာနှင့် နာရီကန်ကျေးရွာမှ ဒေသခံများဖြစ်ပြီး ၎င်းတို့ အားလုံး ဇွန်လ ၂၀ ရက်နေ့ ည ၉ နာရီခန့်က ၎င်းတို့၏ရွာမှ ပုဏ္ဏားကျွန်း မြို့နယ်ဘက်သို့ စစ်ဘေးရှောင်ရန် သွားစဉ် စစ်တွေမြို့ ကျောက်တန်းကြီးဂိတ်တွင် ကင်းပုန်းဝပ်နေကြသည့် စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွားခဲ့သည်ဟု စစ်တွေမြို့ခံ အမျိုးသားတစ်ဦးကပြောသည်။

“စစ်တွေမှာ စစ်ဖြစ်လာရင် စစ်ကောင်စီရဲ့ လူသားဒိုင်းကာ ဖြစ်သွားမှာကြောက်လို့ ဘေးကင်းနိုင်မယ့် နေရာတွေကို စစ်ဘေးရှောင်ကြတာပါ။ ညဖက်နေဝင်ချိန်မှာ သွားကြတယ်။ ကလေးတွေရော လူကြီးတွေရော အကုန်ဖမ်းသွားတယ်။ ကျောက်တန်းကြီးဂိတ်က စစ်သားတွေက ဖမ်းသွားတာပါ။ အခုထိ အဆက်အသွယ် မရသေးပါဘူး” ဟု ပြောသည်။

စစ်တွေမြို့နယ် ကျေးရွာများမှ ဒေသခံများမှာ ရွာများပြောင်းရွေ့ခံရခြင်း၊ နေအိမ်များ ဖြိုဖျက်ခံရခြင်း၊ ရွာထဲ၌နေလျှင်လည်း စစ်ကောင်စီတပ်မှ မထင်မှတ်သလို ဖမ်းဆီးပြီး ညှဉ်းပမ်းနှိပ်စက် ခံရခြင်း၊ ငွေညှစ် ခံရခြင်း စသည့်အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး သေမထူးနေမထူးဘ၀ဖြင့် နေထိုင်နေကြရ၍ တခြားမြို့နယ်ဘက်သို့ စစ်ရှောင်ရန် သွားရောက်ကြရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အိမ်မှာနေရင်လည်း လာဖမ်းသွားမလား ကြောက်နေရတယ်။ ရွာကိုလာဖြိုမလား အိမ်ကိုဖြိုမလား စိုးရိမ်နေကြရတယ်။ သမီးပျိုတွေရှိရင် ပိုစိတ်မချဘူး။ ရွာမှာမနေရဲလို့ တခြားကို စစ်ရှောင်ရင်လည်း အဖမ်းခံရပြန်ရော။ ဘဝက သေမထူးနေမထူးပါဘဲ” ဟု အဆိုပါဒေသခံအမျိုးသမီးက ပြောသည်။

ဇွန်လ ၁၁ ရက်နေ့ကလည်း အမြင့်ကျွန်း၊ ပါဒလိတ်၊ အောင်တိုင် ရွာတို့မှ စစ်ဘေးရှောင်သည့် ပြည်သူ ၁၁ ဦးကို အမြင့်ကျွန်းရွာ အောက်မြစ်ထဲတွင် ကျောက်ချ ရပ်နားထားသည့်စစ်ကောင်စီရေတပ်နေဗီမှ ဖမ်းဆီးခဲ့ပြီး အမျိုးသား ၄ ဦးနှင့် ကလေးအပါအဝင် အမျိုးသမီး ၃ ဦးမှာ လွတ်မြောက်လာခဲ့ပြီး အမျိုးသား ၂ ဦးကို သတ်ပစ်ပြီး ကျန်အမျိုးသမီး ၂ ဦးကို လက်ရှိအချိန်ထိ ဖမ်းဆီးထားသည်ဟု သိရသည်။

ဇွန်လ ၄ ရက်နှင့် ၁၃ ရက်နေ့ကလည်း စစ်ကောင်စီမှ ဖမ်းဆီးထားသည့် အောင်တိုင်ကျေးရွာမှ ရွာသားအမျိုးသား ၉ ဦးနှင့် ကျက်တောပြင်မှ အမျိုးသား ၁ လည်း သတင်းအစအန ပျောက်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၂၂ ရက်နေ့ အထိ စစ်တွေမြို့နယ်မှ ဖမ်းဆီးခံရသူ ၂၀၀ ကျော်အထိရှိနေပြီး အဆက်အသွယ် မရကြသေးသူနှင့် မလွတ်မြောက်သေးသူများလည်း ရှိနေကြကြောင်း ၎င်းတို့၏ မိသားစုဝင်များက ပြောသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here