16 ဧပြီ 2025 /

See today's Peace Related News

သတင်းစစ်ဘေးရှောင်များအား အခြေအမြစ်မရှိ အပြစ်ပုံချဝါဒဖြန့်မှုက စည်းလုံးမှုထိခိုက်နိုင်ဟု MZP ပြောဆို

စစ်ဘေးရှောင်များအား အခြေအမြစ်မရှိ အပြစ်ပုံချဝါဒဖြန့်မှုက စည်းလုံးမှုထိခိုက်နိုင်ဟု MZP ပြောဆို

မြန်မာနှင့် အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်တွင် တိမ်းရှောင်ရောက်ရှိနေထိုင်ကြသည့် စစ်ဘေးရှောင်များအား ပြစ်မှုတခုခုဖြစ်ပေါ်လာစဉ်တွင် အခြေအမြစ်မရှိ အပြစ်ပုံချ၍ နာမည်ပျက်စေရန် ဝါဒဖြန့်မှုများရှိနေခြင်းက ချင်း (ဇို) မျိုးနွယ်စုများအကြား စည်းလုံးညီညွတ်မှုထိခိုက်နိုင်သည်ဟု မီဇိုးကျောင်းသားသမဂ္ဂ MZP က ပြောဆိုသည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ယခုရက်ပိုင်းအတွင်း လူစည်ကားရာနေရာတချို့တွင် ဓားထိုးမှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်များ၌ ပြစ်မှုကျူးလွန်သူများသည် မြန်မာနိုင်ငံက စစ်ဘေးရှောင်များဖြစ်သည်ဟု လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းများထွက်ပေါ် ပြန့်နှံ့နေခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ MZP ဗဟိုဌာနချုပ်တွင် ဧပြီ ၈ ရက်နေ့ မနက်ပိုင်းက စစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ အစည်းအဝေးတရပ် ပြုလုပ်ခဲ့ရာတွင် လတ်တလော မီဇိုရမ်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အခြေအနေအပေါ် မီဇိုးကျောင်းသားသမဂ္ဂ MZP က အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင်တွေ များသထက်များလာတဲ့အပေါ်မှာ မကြည်ဖြူမရှုဆိတ် ငြိုငြင်ပြောဆိုမှုတွေ များလာပါတယ်။ စစ်ဘေးရှောင်တွေထဲမှာ အပြစ်ကျူးလွန်သူရှိရင် ဥပဒေကြောင်းအရ ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုပါတယ်” ဟု MZP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး “တချိန်တည်းမှာပဲ ပြစ်မှုတခုခုပေါ်လာတိုင်းမှာ စစ်ဘေးရှောင်တွေကို အခြေအမြစ်မရှိ စွပ်စွဲတာ၊ စစ်ဘေးရှောင်တွေကို နာမည်ပျက်အောင် ဝါဒဖြန့်လှုံဆော်သူတွေ ရှိနေတာဟာ စိတ်မကောင်းစရာ ဖြစ်ပါတယ်။ ဒီအရာတွေဟာ မိမိတို့ ချင်း(ဇို) မျိုးနွယ်စုတွေရဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်စေပါတယ်” ဟု MZP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထိုအခြေအနေကြောင့် စစ်ဘေးရှောင်များအပေါ် အမုန်းပွားမှုပိုများလာစေပြီး တချို့ရပ်ကွက်များတွင် စစ်ဘေးရှောင်များအား နေထိုင်ခွင့်မပြုခြင်း၊ သက်သေအထောက်အထားမပါရှိလျှင် အိမ်ငှါးခွင့်မပြုရန် ထုတ်ပြန်မှုများလည်း ရှိလာသည်။

သို့သော် ပြစ်မှုဖြစ်စဉ်များကို မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးသည့်ချိန်တွင် အဆိုပါဖြစ်စဉ်များတွင် စစ်ဘေးရှောင်များ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ စစ်ဘေးရှောင်များအပေါ် အမုန်းပွားစေမည့် သတင်းမှားများ ဖြန့်ဝေသည့်ကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ရဲတပ်ဖွဲ့က သတင်းအမှန်ကို အမြန်ဆုံးစုံစမ်းဖော်ထုတ်ပေးနိုင်သည့်အပေါ် ကျေးဇူးတင်ကြောင်း MZP က ဆိုသည်။

မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့် စစ်ဘေးရှောင်များအား စနစ်တကျ စောင့်ရှောက်နိုင်ရေးအတွက် လိုအပ်သောဥပဒေများ အမြန်ဆုံးပြဌာန်းရန် လိုအပ်ပြီး ယင်းကဲ့သို့ဆောင်ရွက်နိုင်မှသာ မီဇိုလူထုနှင့် စစ်ဘေးရှောင်များအကြား နားလည်မှု ပြန်လည်တည်ဆောက်နိုင်မည်ကို မျှော်လင့်သည်ဟုလည်း MZP က ပြောသည်။

ချင်း (ဇိုး) မျိုးနွယ်စုများအကြား စည်းလုံးညီညွတ်မှုပြိုကွဲစေနိုင်သော ဆောင်ရွက်မှုများနှင့် စကားလုံးအသုံးအနှုန်းများ ထုတ်ဖော်ပြောဆိုခြင်း မပြုလုပ်ကြရန်လည်း MZP က တောင်းဆိုထားသည်။

မြန်မာနိုင်ငံနှင့် မဏိပူရ်ပြည်နယ်က နိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်ခိုလှုံလာကြသော စစ်ဘေးရှောင်ပြည်သူများကို နွေးထွေးစွာ လက်ခံကြိုဆိုစောင့်ရှောက်ခြင်းသည် မီဇိုလူမျိုးများ၏ ရိုင်းပင်းကူညီတတ်သော အလေ့အထနှင့် ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်သူများအနေဖြင့် မဖြစ်မနေ ဆောင်ရွက်ရမည့်အရာလည်းဖြစ်သည်ဟု MZP က ပြောသည်။

စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ တိမ်းရှောင်ရောက်ရှိခိုလှုံနေသည့် ချင်းစစ်ဘေးရှောင် ၃ သောင်းကျော်ရှိကြောင်း သိရသည်။

KMG ပေးပို့သည်။