5 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းစစ်ဘေးရှောင်ကျောင်းသားများကို ဘုန်းကြီးကျောင်းနှင့် လုံခြုံရာနေရာများတွင် စာသင်ကြားပေးနေ

စစ်ဘေးရှောင်ကျောင်းသားများကို ဘုန်းကြီးကျောင်းနှင့် လုံခြုံရာနေရာများတွင် စာသင်ကြားပေးနေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းတိုက်ပွဲကြောင့် ပိတ်ထားရသည့် မွန်အမျိုးသားကျောင်းနှင့် အခြေခံပညာကျောင်းတချို့ ပြန်လည်ဖွင့်လှစ်နိုင်သော်လည်း ကျောင်းမဖွင့်လှစ်နိုင်သေးသည့် စစ်ဘေးရှောင်ကျောင်းသားများကို ဘုန်းကြီးကျောင်းနှင့် နီးစပ်ရာလုံခြုံသည့်နေရာတို့တွင် စာသင်ကြားပေးနေကြောင်း သိရသည်။

ရေးမြို့နယ်ရှိ ဝယ်ဇင်း၊ ဓမ္မပါလ၊ ဝယ်ပေါင် ကျေးရွာတို့မှ မွန်အမျိုးသားမူလတန်းကျောင်း ၃ ကျောင်းနှင့် ကျုံလောင်း၊ ကျောင်းမိချောင်းကျေးရွာမှ အခြေခံပညာမူလတန်းကျောင်း ၂ ကျောင်းတို့ကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်နေ့မှစ၍ တိုက်ပွဲများကြောင့် ကျောင်းပိတ်ထားရပြီး ကျောင်းသားကျောင်းသူ ၄၀၀ ကျော် စစ်ဘေးရှောင် ခဲ့ကြရသည်။

လက်ရှိတွင် ဝယ်ဇင်းနှင့် ဓမ္မပါလ မွန်အမျိုးသားကျောင်းတို့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သော်လည်း ကျန်ရှိနေသည့် စစ်ဘေးရှောင် ကျောင်းသားများကို ဝယ်ဇင်းရွာဘုန်းကြီးကျောင်းနှင့် အခြားလုံခြုံရာနေရာတို့တွင် မွန်အမျိုးသားကျောင်းဆရာမနှင့် တာဝန်ရှိသူတို့က စာသင်ကြားပေးလျှက်ရှိသည်ဟု ဆိုသည်။

လက်ရှိ၌ စာသင်ကြားပေးနေသည့်နေရာတွင်ပင် နှစ်ဆုံးအတန်းတင်စာမေးပွဲများ ဖြေဆိုနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း တာဝန်ရှိမွန်အမျိုးသားကျောင်းဆရာမတစ်ဦးက ပြောဆိုသည်။

“အစက ကျောင်းပြန်ဖွင့်တဲ့နေ့မှာ ကျောင်းသားမရှိဘူး။ အခုတော့ ဓမ္မပါလနဲ့ ဝယ်ဇင်းမှာတော့ ကျောင်းသား ၈၀ ကျော်လောက်က ပြန်တက်နေပြီ။ ပြီးတော့ ဝယ်ပေါင်က ကျောင်းသား ၆၀ ကျော်လောက်ကို ဝယ်ဇင်း ဘုန်းကြီးကျောင်းမှာ သင်ပေးတယ်။ ဘုန်းကြီးကျောင်းမှာပဲ စာမေးပွဲကြီးဖြေရမယ်” ဟု အဆိုပါဆရာမက ပြောသည်။

ထို့အတူ ကျုံလောင်းနှင့် ကျောက်မိချောင်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းများ ပြန်လည်မဖွင့်လှစ်နိုင် သေးသဖြင့် မြို့နယ်ပညာရေးတာဝန်ရှိသူတို့က နီးစပ်ရာလုံခြုံသည့် မည်သည့် အခြေခံပညာကျောင်းတွင်မဆို စာသင်ကြားခွင့်ပြုထားကြောင်း ကျောင်းတာဝန်ရှိသူတို့ထံက သိရသည်။

“အခုက ကျောင်းသားမိဘတွေရော၊ ကျောင်းသားတွေရော ကျောင်းဆရာတွေရော စိုးရိမ်နေရတယ်။ ဒီကြားမှာလည်း လက်နက်ကြီးတွေကျတဲ့ အသံတွေ ခဏခဏကြားနေရတော့ ဒီစာမေးပွဲကို ကောင်းကောင်း ဖြေရအုံးမလား၊ စိတ်ပူရတယ်” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

သို့ရာတွင် မိသားစုနှင့်အတူ ရေချောင်းဖျားဒေသအတွင်းရှိ တောတောင်များ၊ ထိုင်း-မြန်မာ နယ်စပ် ဘုရာသုံးဆူ မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားနေသည့် ကျောင်းသားများကို အဆက်အသွယ်မရရှိကြောင်း ကျောင်းတာဝန်ရှိသူတချို့က ပြောဆိုသည်။

ရေးမြို့နယ် အရှေ့ပိုင်းဒေသတဝိုက်တွင် ဇန်နဝါရီ ၉ ရက်နေ့မှ စ၍ တိုက်ပွဲများ နေ့စဉ်ပြင်းထန်ခဲ့ပြီးနောက် ဒေသတွင်းတော်လှန်ရေးအဖွဲ့တို့ ပြန်လည်ဆုတ်ခွာသွားကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့တို့က မွန်ပြည်သစ်ထိန်းချုပ်ရာ ဒေသအတွင်း စစ်ကြောင်းထိုးဝင်ရောက်နေကြောင်းလည်း ဒေသတွင်းသတင်းရစ်မြစ်တို့က ပြောသည်။

ထို့အပြင် ယနေ့အထိ ကျုံလောင်း-ရေး လမ်းပိုင်းကို စားနပ်ရိက္ခာသယ်ဆောင်ခွင့် ကန့်သတ်ထားဆဲဖြစ်ပြီး ရေးမြို့အခြေစိုက် စစ်ကောင်စီ အမတတပ်နှင့် ခလရတပ်တို့ကနေ လက်နက်ကြီးဖြင့် နေ့စဉ်နီးပါး ပစ်ခတ်နေဆဲဖြစ်သည်ဟု ဒေသခံတို့ထံက သိရသည်။

IMNA ပေးပို့သည်။