စစ်တွေ၊ ဝါဘိုကျေးရွာတွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးပစ်ချလို့ ကလေးငယ်တစ်ဦးဒဏ်ရာရ

0
260
ပုံစာ - စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးချတာကြောင် နေအိမ်အမိုးနှင့်အိမ်ဆောင်ပြိုပျက်သွား။ (Photo-မာရယု)

ရခိုင်ပြည်၊ စစ်တွေမြို့နယ် ဝါဘိုကျေးရွာတွင် ဒီဇင်ဘာ ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲကျော်ခန့်က စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးတစ်လုံး ပစ်ချခဲ့တာကြောင့် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိသွားပြီး နေအိမ်တစ်ဆောင် ပြိုပျက်သွားကြောင်း ဒေသခံများက ပြောသည်။

ဒဏ်ရာရရှိသွားသူမှာ အသက် ၁၁ နှစ်အရွယ် မောင်မျိုးဆက်ပိုင်ဆိုသူဖြစ်ပြီး ဘယ်ဘက်ပါးတွင် ဗုံးလက်နက် အစအနစင်ကာ ဒဏ်ရာရရှိသွားခြင်းဖြစ်ပြီး နှာခေါင်းသွေးများ ထွက်နေသည်ဟု ဝါဘိုကျေးရွာသားတစ်ဦးက ပြောသည်။

“ကလေးမှာ ဒဏ်ရာရသွားတာ ပါးမှာပါ၊ နှာခေါင်းသွေးတွေလည်း ထွက်နေပါတယ်။ အခုဆေးရုံကို ပို့ဖို့အတွက် အုပ်ချုပ်ရေးမှူးဆီမှာ ထောက်ခံစာ တောင်းနေရပါတယ်” ဟု ၎င်းက ပြောသည်။

ဒဏ်ရာရရှိသွားသော အဆိုပါကလေးငယ်သည် စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးကြဲချသော နေအိမ်အနီး ပေသုံးဆယ်ခန့် အကွာရှိ ၎င်း၏နေအိမ်လှေကားတွင် ထိုင်နေစဉ် ဗုံးအစအန လာစင်ပြီး ဒဏ်ရာရရှိသွားတာ ဖြစ်တယ်လို့ ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီဒရုန်းဖြင့် ဗုံးကြဲချသောနေအိမ်မှာ ဝါဘိုကျေးရွာဒေသခံ ဦးကျော်ဇံလှိုင်၏နေအိမ်ဖြစ်ပြီး ဗုံးချချိန်တွင် အိမ်သားများအပြင်ကို အလုပ်သွားလုပ်နေကြ၍ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း ကွန်ကရစ်ဖြင့် ပြုလုပ်ထားသော စားဖိုဆောင်အပါအဝင် နေအိမ်တစ်ဆောင်လုံး ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

“ဗုံးက တော်တော်ပြင်းပါတယ်။ နေအိမ်တစ်ခုလုံး ပျက်စီးသွားပြီးတော့ အဝေးမှာရှိတဲ့ ကလေးဆီကိုတောင် လာစဉ်တာဆိုတော့ ကြောက်စရာကောင်းနေပါပြီ” ဟု ဝါဘိုကျေးရွာသားတစ်ဦးက ပြောသည်။

အဆိုပါ ဝါဘိုကျေးရွာနှင့် အနီးအနားတွင်ရှိသည့် စစ်တွေမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများသည် ညအချိန်များတွင် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေသဖြင့် ဒေသခံများမှာ စိုးရိမ်ကြောက်လန့် နေကြရသည်။

ထို့အပြင် ဝါဘိုကျေးရွာ တဖက်ကမ်းရှိ တောကန်ကျေးရွာတွင်လည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်ကလည်း စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးချမှုကြောင့် နေအိမ်တစ်အိမ်ထဲရှိ မိသားစုဝင် ၇ ဦး ဒဏ်ရာရရှိသွားခဲ့သည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here