ရခိုင်ပြည်၊ စစ်တွေအခြေစိုက် စစ်ကောင်စီတပ်ရင်းများထဲရှိနေသည့် ရခိုင်လူမျိုးစစ်သားအများစုကို AA နှင့် ရင်ဆိုင်နေရသည့် စစ်တွေမြို့ပြင်ဘက် စစ်မြေပြင်သို့ စေလွှတ်နေပြီး တပ်ရင်းတွင်ကျန်ရှိနေသည့် ဇနီးသားသမီးများကို အပြင်ထွက်ခွင့်မပေးဘဲ ပိတ်ပင်ထိန်းချုပ်ထားသည်ဟု စစ်ကောင်စီတပ်ဖွဲ့ မိသားစုဝင်များနှင့် နီးစပ်သူတို့က ပြောသည်။
စစ်တပ်မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက “ရခိုင်လူမျိုးတပ်ဖွဲ့ဝင်တွေကို စစ်တွေက AA နဲ့ ရင်ဆိုင်နေရတဲ့ ရှေ့တန်းစစ်မြေပြင်တွေကို ပို့ထားတယ်။ ကျန်ခဲ့တဲ့သားမယားတွေကိုလည်း တင်းကြပ်ထားတယ်။ အဓိက ရခိုင်လူမျိုးတွေကို ပိုတင်းကြပ်တာ။ အပြင်ကို လုံးဝမထွက်ရဘူး။ ဈေးဝယ်ခွင့်လည်း မပေးဘူး” ဟု ပြောသည်။
ရခိုင်လူမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်များက အာရက္ခတပ်တော် (AA) ထံ အလင်းဝင်လက်နက်ချမည်ကို စိုးရိမ်သဖြင့် စစ်ကောင်စီဘက်မှ နောက်တန်းရှိ ၎င်းတို့၏မိသားစုများကို ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း စစ်တပ်မိသားစုဝင်များနှင့် နီးစပ်သူက ပြောသည်။
“AA ဆီကို အလွယ်တကူ အလင်းဝင်သွားမှာကို သူတို့စိုးရိမ်မှုရှိတယ်။ ရှေ့ကမြို့သိမ်းတိုက်ပွဲတွေမှာလည်း ရခိုင်လူမျိုး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလင်းဝင်လက်နက်ချ အညံ့ခံတာတို့ရှိခဲ့တယ်လေ။ ဒါကြောင့် အခု စစ်တွေမှာ ရခိုင်စစ်သားတွေကို စစ်တိုက်ဖို့လွှတ်ပြီး မိသားစုတွေကြတော့ ထိန်းချုပ်ထားတယ်” ဟု ၎င်းက ပြောသည်။
ရခိုင်အချင်းချင်း တိုက်ခိုက်ရမည်ကိုမလိုလား၍ ရှေ့တန်းစစ်မြေပြင်သို့ မသွားလိုသည့် စစ်ကောင်စီတပ်ထဲက ရခိုင်စစ်သားအများစုကိုလည်း ခြိမ်းခြောက်မှုများ ရှိနေပြီး မိသားစုကိုငဲ့ညှာကာ စစ်တိုက်ထွက်နေကြရ သည်ဟု စစ်တပ်မိသားစုဝင်များနှင့် နီးစပ်သူနောက်တစ်ဦးက ပြောဆိုသည်။
“ရှေ့တန်းမထွက်ရင် ဖမ်းမယ်၊ ထောင်ချမယ်။ ပြီးရင် သား၊မယားတွေကို တစ်ခုခုလုပ်မယ်ဆိုပြီး ဖိအားပေးမှု တွေလည်း ရှိတယ်လို့ ကြားရပါတယ်။ ဒါကြောင့် ရှေ့တန်းနယ်မြေကို သွားခဲ့ကြရတယ်” ဟု ၎င်းက ပြောသည်။
ယင်းအပြင် စစ်တပ်မိသားစုဝင်တချို့သည် စစ်တွေတွင် တိုက်ပွဲမစမီ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ မိမိဆွေမျိုးများရှိရာနေရာသို့ ထွက်ပြေးမှုများရှိခဲ့ပြီး ထိုသို့ထွက်ပြေးသည်ကို စစ်ကောင်စီကသိရှိသွား ပြီးနောက် ရခိုင်လူမျိုးစစ်တပ်မိသားစုများအား အထူးတင်းကြပ် ပိတ်ပင်လာသည်ဟု သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာပထမအပတ်က စစ်တွေမြို့ရှိ စစ်ကောင်စီတပ်အရာရှိကြီးများ၏ မိသားစုများကို ရန်ကုန်နှင့် နေပြည်တော်သို့ လေကြောင်းဖြင့် ပြောင်းရွှေ့ခဲ့ကြပြီး အိမ်သုံးပရိဘောဂများကိုလည်း ရေကြောင်းမှတဆင့် ရေယာဉ်များဖြင့် ရန်ကုန်မြို့သို့ပြောင်းရွှေ့ပေးသော်လည်း ဒေသခံစစ်သား သားမယားများကို ပြောင်းရွှေ့ပေးခြင်း မရှိကြောင်းသိရသည်။
စစ်တွေရှိ စစ်ကောင်စီတပ်ရင်းများထဲတွင် ရခိုင်လူမျိုးစစ်သားများနှင့် မိသားစုအများအပြား ကျန်ရှိနေ သေးကြောင်း သိရသည်။
စစ်တွေမြို့တွင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)၊ ခလရ (၂၀)၊ ခလရ (၂၇၀)၊ ခလရ (၂၃၂)၊ ခမရ (၃၄၄)၊ ခမရ (၃၅၄)၊ အမှတ် (၁၂) နှင့် အမှတ် (၃၆) ရဲတပ်ရင်း စသည့် စုစုပေါင်းတပ်ရင်းတပ်ဖွဲ့ ၁၀ ခုထက်မနည်း ရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား ကြောက်လန့်စိုးရိမ်စိတ်နှင့် အချင်းချင်းစိတ်ဝမ်းကွဲမှုများ ကြောင့် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ခုခံကာကွယ်ရန် မဖြစ်နိုင်ကြောင်း စစ်ရေး လေ့လာသုံးသပ်သူများက ပြောဆိုသည်။
အာရက္ခတပ်တော် (AA) သည် ဖေဖော်ဝါရီ ၁၇ ရက်နေ့ကစပြီး စစ်တွေရှိ တပ်ရင်းများအနက် စစ်ရေးအရ အရေးပါသော ဒကစအပါအဝင် တပ်ရင်းအချို့ကို ဟောင်ဝှစ်ဇာအပါအဝင် လက်နက်အကြီးစား များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ရင်းများအတွင်း အထိအခိုက်အပျက်အစီး အများအပြားရှိကြောင်း သိရသည်။
နိရဉ္စရာ ပေးပို့သည်။