စစ်တွေမြို့ မွတ်ဆလင်ရွာအနီး ALP အခြေစိုက်ရန် ကြိုးပမ်းနေမှု ဒေသခံများ စိုးရိမ်

0
385
ပုံစာ - ALP အခြေစိုက်ရန် ခြံခတ်ထားသည့် ဘုမေကျေးရွာ အကွက် (၁၅) မှ မြေကွက်အား တွေ့ရစဉ်။

စစ်တွေမြို့ အနောက်ဘက်၊ ဘုမေမွတ်ဆလင်ကျေးရွာ အကွက် (၁၅) ရှိ ဧက ၁၀ ကျော် ကျယ်ဝန်းသော မြေကွက်ကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က အခြေစိုက်ရန် လုပ်ဆောင်လာသဖြင့် ဒေသခံ မွတ်ဆလင်များက စိုးရိမ်နေကြသည်။

မေ ၂၉ ရက် က ALP တပ်ဖွဲ့ဝင် ၁၀ ဦးကျော် သည် ကားနှစ်စီးဖြင့် ရောက်လာပြီး အဆိုပါ မြေကွက်တွင် ဌာနချုပ် လုပ်ရန် စစ်ကောင်စီက ခွင့်ပြုပေးထားသည်ဟု ဆိုကာ ခြံစည်းရိုးခတ်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် ဘုမေကျေးရွာအကွက် (၁၅) မှ ရပ်မိရပ်ဖတစ်ဦးက “ အဲဒီနေ့က သူတို့ (ALP) က လာပြီးတော့ ဒီမြေကို အစိုးရ (စစ်ကောင်စီ) က သူတို့ကို ပေးထားတယ်ဆိုပြီးတော့ ပြောတယ်။ နောက် ၂ ရက်လောက် ကြာတော့ အဲဒီမြေကွက်ကို တိုင်တွေ၊ သံဖြူ (သွပ်ပြား) တွေနဲ့ ခြံခတ်ပါတယ်။ အဲဒီမြေကွက်မှာ နွားကျောင်းနေတဲ့သူတွေကိုလည်း နောက်ဆိုရင် နွားကျောင်းလို့ မရဘူး ဆိုပြီးတော့ ပြောတယ်” ဟု ပြောပြသည်။

ထိုမြေကွက်တွင် ALP က အခြေစိုက်ပြီးနောက် ကျေးရွာအတွင်းမှ ဆိုးသွမ်းသူများကို ထိန်းသိမ်းပြီး အမှုကိစ္စ များကိုလည်း ဖြေရှင်းပေးမည်ဟု ပြောဆိုခဲ့ကြောင်း မြေကွက်အနီးရှိ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“သူတို့က ဒီမြေကွက်မှာ အချုပ်ခန်းတွေ လုပ်မယ်၊ ဒီရွာက လူဆိုးတွေကို ထိန်းပေးမယ်ဆိုပြီးတော့ ပြောတယ်။ ကျနော်တို့မှာ နာဇီရပ်ကွက်မှာလည်း ဌာနချုပ် ရှိတယ်၊ ဒီမှာလည်း အဲဒီလို လုပ်သွားမယ် ဆိုပြီးတော့ ပြောသွားတယ်” ဟု ၎င်းက ဆိုသည်။

ALP အနေဖြင့် အကြောင်းတစ်ခုခုကြောင့် ဒေသခံများအား ထိန်းသိမ်းဖမ်းဆီးမှုများ လုပ်ဆောင်လာသည့်အခါ ဒေသခံများက မခံမရပ်နိုင် ဖြစ်လာပြီး ပြန်လည်ခုခံမည့် အခြေအနေထိ ဖြစ်လာမည်ကို ဒေသခံမွတ်ဆလင်များက စိုးရိမ်နေကြသည်။

မွတ်ဆလင်ကျေးရွာ အနီးတွင် ALP က အခြေချရန် ကြိုးပမ်းလာခြင်းမှာ နောင်တချိန်တွင် အကြောင်း အမျိုးမျိုးကြောင့် မွတ်ဆလင်နှင့် ရခိုင်တို့ကြား ပဋိပက္ခ ဖြစ်လာမည်ကို စိုးရိမ်စရာ ဖြစ်မိကြောင်း ဒေသခံများက ပြောသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးထွန်းကြည်က “ သူတို့ (ALP) က ယာယီနေထိုင်တာပဲ ဖြစ်ဖြစ်၊ ရေရှည် ရုံးထိုင်သွားဖို့ပဲ ဖြစ်ဖြစ် အဲဒီနေရာမှာရှိတဲ့ ဒေသခံတွေရဲ့ အခြေခံ အခွင့်အလမ်းတွေကို လေးစားလိုက်နာဖို့ လိုတယ်။ ပဋိပက္ခကြောင့် မြေယာ ဆုံးရှုံးထားတဲ့ ဒေသခံတွေရဲ့ ပိုင်ဆိုင်မှုတွေကို တရားဝင်သလား လို့ မေးတဲ့ ပုံစံမျိုး လုပ်လာတယ် ဆိုရင်တော့ ပဋိပက္ခဖက်ကို ဦးတည်သွားနိုင်တယ်” ဟု ပြောဆိုသည်။

အဆိုပါ မြေကွက်မှာ မွတ်ဆလင်များထံမှ ၁၉၉၈ ခုနှစ်တွင် အစိုးရက သိမ်းယူထားသော မြေနေရာဖြစ်ပြီး စက်မှုလယ်ယာ ဦးစီးဌာနရုံး၊ ဆည်မြောင်းဦးစီး ဌာနရုံး၊ ရေအရင်းအမြစ်ရုံးများ ဆောက်လုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ပဋိပက္ခ ပြီးနောက်ပိုင်း ၂၀၁၄ ခုနှစ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး(ရယက) ရုံး အဖြစ် ဆောက်လုပ်ထားသည့် နေရာဖြစ်ကြောင်း သိရသည်။

မွတ်ဆလင်ကျေးရွာအနီးတွင် ALP က အခြေချရန် ကြိုးစားလာနေသည် ဆိုသည့် ဒေသခံများ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်းကို ဆက်သွယ်မေးမြန်းရာတွင် “ကျမအနေနဲ့ ဒီကိစ္စကို မသိဘူး။ သူများပိုင်တဲ့မြေကို ကျမတို့ သိမ်းယူတာလည်း မရှိဘူး” ဟု ပြောသည်။

ထို့အပြင် ဘုမေကျေးရွာ အကွက် (၁၂) ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း ခြံဝင်းအတွင်းရှိ ဘောလုံးကွင်းကို ပြီးခဲ့သည့် ဧပြီ ၁ ရက် က ALP မှ ဗိုလ်ကြီး အဆင့်ရှိသူ အပါအဝင် ၁၀ ဦးခန့်က “ငြိမ်းချမ်းသစ္စာ သီးနှံစိုက်ပျိုးရေး ခြံမိသားစု” ဟု ဆိုင်းဘုတ်စိုက်ထူ ခြံစည်းရိုးခတ်လာကြောင်း ကျေးရွာတာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဲဒီနေ့က သူတို့ (ALP) က နယ်/လုံ ခွင့်ပြုချက်နဲ့ စိုက်ပျိုးခြံ လုပ်မယ်ဆိုပြီးတော့ ခြံစည်းရိုး ခတ်လာတယ်။ အဲဒါကို မင်းဂံစခန်းမှူးနဲ့ ကျောင်းအုပ်ဆရာကြီးက ဒီမြေဟာ ကျောင်းပိုင်မြေ၊ မင်းတို့မှာ နယ်/လုံ ခွင့်ပြုတယ် ဆိုရင် စာရွက်စာတန်းနဲ့ လာခဲ့ဆိုပြီးတော့ ပြောလိုက်တယ်။ အဲဒီနေ့ကစပြီးတော့ မလာတော့ဘူး” ဟု ၎င်းက ပြောသည်။

နယ်/လုံ ခွင့်ပြုထားသည်ဆိုသည့် ပြောဆိုချက်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရထံ ဆက်သွယ်ခဲ့သော်လည် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

လက်ရှိတွင် အဆိုပါကျောင်း မြေကွက်၌ ကျောင်းအုပ်ဆရာကြီးက သီးပင်စားပင်များ စိုက်ပျိုးထားသဖြင့် ALP နှင့် ပူးပေါင်းလုပ်နေသည်ဟု ဒေသခံများက ယူဆကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ကျောင်းအုပ်ဆရာကြီး ဦးကျော်တင်က “ကျနော်က အဲဒီမြေကွက်ကို အလဟဿ မဖြစ်အောင် ခြံစည်းရိုးခတ်ပြီးတော့ စိုက်ပျိုးရေး ပညာရှင်တစ်ယောက်နဲ့ ပေါင်းပြီးတော့ မာလကာပင်နဲ့ ငှက်ပျောပင်တွေ စိုက်နေတာ။ ALP နဲ့ ဆက်စပ်မှု မရှိပါဘူး။ သူတို့လာကတည်းက ကျနော်က ကျောင်းပိုင်မြေ ဆိုပြီးတော့ ပုံစံ-၁၀၅ ကို ပြလိုက်တယ်။ အဲဒီနေ့က စပြီး မလာတော့ဘူး”ဟု ပြောသည်။

ယင်းအပြင် ဘုမေ လက်သမားကျေးရွာ အနီးက အမှတ် (၃၆) ရဲတပ်ရင်းနှင့် ကပ်လျက် ရှိသည့် မြေကွက်တွင် ALP က စခန်းအခြေချရန် လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP/ALA) ကို ၁၉၆၇ ခုနှစ်၊ ဧပြီလ ၉ ရက်တွင် ရခိုင်ပြည်သူ လွတ်မြောက်ရေးနှင့် တိုင်းရင်းသား အခွင့်အရေး အပြည့်အဝ ရရှိရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရေးအတွက် လွတ်လပ်ရေးအထိ တိုက်ပွဲဝင်မည် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့သည်။

၂၀၁၂ ခုနှစ် ဧပြီလ ၅ ရက်တွင် ALA သည် မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခဲ့သည်။

နောက်ပိုင်းတွင် ခေါင်းဆောင်များ အချင်းချင်း သဘောထားကွဲလွဲမှု ဖြစ်ပေါ်ကာ ဒေါ်စောမြရာဇာလင်း ဦးဆောင်သော အဖွဲ့က အမြင်မတူသူများကို ထုတ်ပယ်ပြီး ALP ပါတီကို အသစ်ပြန်လည် ဖွဲ့စည်းကြောင်း ပြီးခဲ့သည့် ၂၀၂၃ မတ်လ ၂၀ ရက်က ALP Facebook Page မှတဆင့် ထုတ်ပြန်ခဲ့သည်။

ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ALP အဖွဲ့သည် စစ်တွေမြို့၊ အေးသာယာလမ်း၊ စက်ရုံစု ရပ်ကွက်တွင် ရုံးစိုက်ထားပြီး ငြိမ်းချမ်းရေးကိစ္စများကို စစ်ကောင်စီနှင့် ဆွေးနွေးမှုများ ရှိနေသည်။ ခိုင်ရဲခိုင် ဦးဆောင်သော ALP အဖွဲ့မှာ အိန္ဒိယ-မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် အခြေချကြောင်း သိရသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here