စစ်တွေမြို့တွင် စစ်ကောင်စီက မွတ်စလင်များအား AA အလိုမရှိကြောင်း ဖိအားပေးဆန္ဒပြခိုင်း

0
146
ပုံစာ- စစ်တွေတွင် ဆန္ဒပြသည့် မွတ်စလင်များ (Photo - MRTV)

ရခိုင်ပြည်မြို့တော် စစ်တွေတွင် မွတ်စလင်များအား ရက္ခိုင့်တပ်တော် (AA) ကို အလိုမရှိကြောင်း မတ်လ ၂၁ ရက်နေ့က ဆန္ဒပြခိုင်းခဲ့ပြီး မတ်လ ၂၂ ရက်နေ့တွင်လည်း ဆက်လက်ဆန္ဒပြရန် ဖိအားပေးခဲ့ကြောင်း စစ်တွေမြို့ မွတ်စလင် လူမှုရေးလှုပ်ရှားသူများထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၁ ရက် နေ့လယ်ပိုင်းတွင် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်တွင် လူအင်အားနှစ်ဆယ်ခန့်က ရက္ခိုင့်တပ်တော် (AA) ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်ဟု ဆိုသည်။

အလားတူ မတ်လ ၂၂ ရက်တွင် ထပ်မံဆန္ဒပြကြရန်အတွက် စစ်တွေမြို့ သဲချောင်းနှင့် ဓားပိုင်ရပ်ကွက်များမှ မွတ်စလင်များကို စစ်ကောင်စီက သဲချောင်းစခန်းကော်မတီရုံး၌ အစည်းအဝေး ခေါ်ယူခြိမ်းခြောက်ခဲ့သည်ဟု စစ်တွေမြို့ မွတ်စလင် လူမှုရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

“ကျနော်သိရသလောက် မနေ့က လူအင်အား ၂၀ လောက်ပါပဲ။ အဲ့ဒါတောင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် တွေနဲ့ မိသားစုဝင်တွေပါ။ ဒီနေ့လည်း သဲချောင်းနဲ့ ဓားပိုင်ဘက်မှာ ဆန္ဒပြဖို့အတွက် ပြောထားပါတယ်။ မနေ့ ကတည်းက ခြိမ်းခြောက်ထားတာပါ။ ငြင်းတော့ငြင်းကြပေမယ့် သူတို့က ဆန္ဒပြရမယ်၊ မပြရင် စစ်မှုထမ်း ရမယ်။ သွားလာလို့ မရအောင် တင်းကြပ်ပစ်မယ်။ ဗီနိုင်းတွေတော့ သူတို့ပေးမယ်လို့ ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။

ဆန္ဒပြသူများက “စစ်တွေမြို့ကို ကာကွယ်ကြ”၊ “ပြည်တွင်းစစ်ကို အလိုမရှိ”၊ “AA သောင်းကျန်းသူအဖွဲ့ အလိုမရှိ” စသည်ဖြင့် ရေးသားထားသည့် ကတ်ထူများကို ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့ဆန္ဒပြုမှုနှင့် ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံ သတင်းဌာနများနှင့် စစ်တပ်လော်ဘီ ချန်နယ်များတွင် အောင်မင်္ဂလာရပ်ကွက်၊ ကသဲရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ သန်တော်လီရပ်ကွက်တို့မှ ရာနှင့်ချီသော မွတ်စလင်များက ဆန္ဒပြခဲ့ကြသည်ဟု ဖော်ပြကြသည်။

“ဒါကတော့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်အောင် ဖန်တီးနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ နောက်ဆုံး ထွက်ပေါက်ပဲ။ ဒီအကွက်ထဲမှာ ရခိုင်ပြည်မှာနေတဲ့ လူတွေအားလုံး မဝင်ဖို့လိုပါတယ်။ ပြောရရင် ဒါတွေဟာ လူတစ်ယောက်၊ လူတစ်စုကြောင့် ဖြစ်နေတာဖြစ်တယ်။ နောက်ပြီး အခုဖြစ်နေတဲ့ တိုက်ပွဲတွေမှာ ကျနော်တို့ ဟာလည်း တပ်တော်ဘက်က ရပ်တည်တယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး” ဟု မွတ်စလင် လူမှုရေးလှုပ်ရှားသူက ပြောသည်။

ယခုကဲ့သို့ ရခိုင်တွင် မွတ်စလင်များ ဆန္ဒပြခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီထိန်းချုပ်ထားသည့် နယ်မြေမှာ စစ်ကောင်စီက လုပ်ခိုင်းသည့် ဆန္ဒပြပွဲသာဖြစ်ကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါသည်။

“တဖက်မှာ ဒီမတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီးတော့ စစ်ကောင်စီနှင့် ပေါင်းလုပ်စားတာ၊ ကိုယ်ကျိုးရှာ ခေါင်းပုံဖြတ် အမြတ်ထုတ်နေတဲ့ လူပုဂ္ဂိုလ်နှင့် နိုင်ငံတချို့လဲ ရှိနေပါတယ်။ ဒါဟာ အထူးသတိထားရမဲ့ကိစ္စ ဖြစ်ပါတယ်။ ကျနော်တို့ ULA/AA အနေနဲ့ကတော့ လက်ရှိဖြစ်ပေါ် တိုးတက်မှုတွေအားလုံးကို သေသေချာချာ စောင့်ကြည့်နေပါတယ်၊ လိုအပ်သင့်တော်သလို တုံ့ပြန်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

မတ်လ ၁၉ ရက်နေ့ကလည်း မွတ်စလင်များက ဘူးသီးတောင်မြို့ပေါ်၌ လှည့်လည်၍ ရက္ခိုင့်တပ်တော် (AA) အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ယင်းအပြင် ဘူးသီးတောင်မြို့ပေါ်တွင် ဖြစ်ပွါးခဲ့သည့် လုယက်မှုများတွင် စစ်ကောင်စီတပ်နှင့်အတူ စစ်ဝတ်စုံများဖြင့် မွတ်စလင်တချို့ပါဝင်ကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

စစ်ကောင်စီနှင့် AA တို့ ဖြစ်ပွါးနေသည့် မြေပြင်တိုက်ပွဲများတွင်လည်း စစ်ကောင်စီက ရက်တို စစ်သင်တန်းပေးထားသည့် မွတ်စလင်များကို အသုံးပြုခဲ့ကြောင်း AA ၏ ထုတ်ပြန်ထားချက်များအရ သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here