စစ်တွေဒေသခံများကို စစ်ကောင်စီ ဖမ်းဆီးငွေညှစ်နေ

0
126
Photo – CJ

ရခိုင်ပြည်၊ စစ်တွေမြို့ကို စစ်ကောင်စီက အဝင်/အထွက် ပြုလုပ်၍မရအောင် ပိတ်ဆို့ထားပြီး ဒေသခံများကို ဖမ်းဆီးငွေညှစ်နေကြောင်း သိရသည်။

ဇူလိုင်လ ပထမပတ်အတွင်း ကုန်တန်းရပ်ကွက်၊ စက်ရုံစုရပ်ကွက်၊ မြို့သူကြီးရပ်ကွက်နှင့် ထန်းပင်ရင်းရပ်ကွက်တို့မှ ဒေသခံ ၁၀ ဦးကျော်ကို ဖမ်းဆီးသွားခဲ့ပြီး လွတ်မြောက်လိုပါက တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ မှ ၅၀ ထိပေးရန် တောင်းခံခဲ့သည်ဟု ဆိုသည်။

“အပြစ်မရှိတဲ့ ဒေသခံတွေကို ဖမ်းဆီးပြီး ငွေညှစ်နေတာက တိုက်ပွဲစကတည်းက လုပ်နေတာပါ။ အခုလည်း ဒီအတိုင်းပဲ။ ဒီလောက် ခက်ခဲနေတဲ့ကာလမှာ အဲလောက်ငွေပမာဏပေးဖို့ ဘယ်သူမှတတ်နိုင်မှာ မဟုတ်ဘူး” ဟု ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဖမ်းခံထားရသူများကို အမှတ် (၁) ရဲစခန်းတွင် ထိန်းသိမ်းထားပြီး မိသားစုဝင်များနှင့် တွေ့ခွင့်မပေးကြောင်း သိရသည်။ လက်ရှိ ဖမ်းဆီးခံထားရသူများမှာ အခြေခံလက်လုပ်လက်စားများဖြစ်၍ စစ်ကောင်စီက တောင်းသည့် ငွေပမာဏကို ပေးရန် အခက်အခဲများ ရှိနေကြသည်။

စစ်တွေ စက်ရုံစုရပ်ကွက်မှ အမျိုးသမီးတစ်ဦးက “ဒီလူတွေကို ငါတို့ လုပ်ချင်သလိုလုပ်လို့ရတယ်ဆိုတဲ့ အထာနဲ့ စစ်ကောင်စီဘက်က အခုလို လုပ်နေတာ။ ဒီလောက်ခက်ခဲတဲ့ အချိန်မှာ ထမင်းမငတ်ရုံပဲ ရှိကြတာ။ ပိုက်ဆံလည်း ဘယ်သူမှ မပေးနိုင်ပါဘူး။ မရှိတဲ့သူတွေ အတွက်တော့ အများကြီး အခက်အခဲရှိတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ ဒေသခံ ၂၀၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး ယင်းတို့ထဲမှ ၅၀ ခန့်ကို ပြန်လည် လွှတ်ပေးခဲ့သည်။

ပြန်လွတ်မြောက်ရေး အတွက်လည်း တစ်ဦးလျှင် ငွေကျပ် အနည်းဆုံး ၂ သိန်း မှ အများဆုံး ၇ သိန်း အထိ ပေးခဲ့ရကြောင်း လွတ်မြောက်လာသူများထံမှ သိရသည်။

အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိဘဲ ကုန်ဈေးနှုန်းခေါင်ခိုက်အောင် မြင့်တက်နေသောကာလတွင် စစ်ကောင်စီက ဧည့်စာရင်း အကြောင်းပြချက်ဖြင့် ဖမ်းဆီးငွေညှစ်နေ၍ ဒေသခံများက ဒုက္ခကြုံနေကြရသည်။

“ငွေကြေးတတ်နိုင်တဲ့သူတွေသာ တိမ်းရှောင်နိုင်တာ။ ငွေကြေး မတတ်နိုင်သူတွေက နေဖို့ စားဖို့ အကုန်လုံးကိုတွက်ပြီး ဘယ်မှမသွားနိုင်တော့ပါဘူး” ဟု စစ်တွေမြို့မှ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တွေဒေသခံအများစုမှာ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်၍ ဘေးလွတ်ရာနေရာအသီးသီးသို့ တိမ်းရှောင်နေကြ သော်လည်း ကျန်ဒေသခံများမှာ ငွေကြေးအခက်အခဲ၊ လမ်းခရီးပိတ်ဆို့ထားမှုတို့ကြောင့် မြို့ပေါ်တွင် ပိတ်မိနေကြသည်။

စစ်ကောင်စီက စစ်တွေမြို့ကို လုံခြုံတင်းကြပ်ထားပြီး ဒေသခံများကို အကြောင်းပြချက်အမျိုးမျိုးဖြင့် ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်နေ၍ မြို့တွင်းနေထိုင်သူများမှာ လုံခြုံမှုကင်းမဲ့လျက် ရှိနေသည်။

အောင်ထိန် (DMG)ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here