စစ်တွေမြို့၊ မင်းဂံရပ်ကွက်တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ထိပ်ပိုင်းခေါင်းဆောင် အပါအဝင် ၃ ဦး လုပ်ကြံခံရပြီးနောက် လုံခြုံရေးတင်းကျပ်ထားပြီး ယနေ့တွင်လည်း မင်းဂံသို့သွားရာ မီးစက်ကြီးခွဆုံ အနီးတွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် လုံခြုံရေး ယူထားကြောင်း သိရသည်။
“မင်းဂံကိုသွားတဲ့အခါ ပြည်ထောင်စုခွဆုံ မီးစက်ကြီးနားမှာ ရဲနဲ့စစ်သား အင်အား ၅ ဦးထက်မနည်းကို တွေ့ခဲ့ရတယ်။ လက်နက်အပြည့်အစုံနဲ့ RPG တွေကိုလည်း ကိုင်ထားတယ်။ စစ်ဆေးမေးမြန်းတာတော့ မရှိဘူး။ ဒါပေမယ့် လက်နက်ကြီးတွေနဲ့ မြင်ရတော့ စိုးရိမ်စရာဖြစ်တာပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မင်းဂံဒေသခံ လူငယ်တစ်ဦးက ပြောသည်။
စစ်တွေမြို့၊ မင်းဂံရပ်ကွက် စစ်တွေတက္ကသိုလ်ဆင်းလမ်းက ရထားလမ်းအနီးတွင် ဇူလိုင် ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကားပေါ်တွင်ပါလာသူ ALP တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ALP ထိပ်ပိုင်းခေါင်းဆောင်များ လုပ်ကြံခံရပြီးနောက် မင်းဂံရပ်ကွက်ရှိ ALP ဥက္ကဌ ဒေါ်စောမြရာလင်း နေအိမ်နှင့် အနီးတို့တွင် စစ်ကောင်စီတပ်က လုံခြုံရေးယူထားပြီး ပစ်ခတ်မှု ဖြစ်ပွားရာ တက္ကသိုလ်အနီးတွင်လည်း စစ်ကားတစ်စီးဖြင့် လုံခြုံရေးယူထားကြောင်းနှင့် ညအချိန်များတွင်လည်း စစ်ကားများဖြင့် ကင်းလှည့်မှုများ ရှိကြောင်း ဒေသခံများက ပြောသည်။
မင်းဂံဒေသခံ အမျိုးသားတစ်ဦးက “ဒေါ်စောမြရာဇာလင်း အိမ်ဝန်းကျင်မှာတော့ လုံခြုံရေးတွေ ရှိနေပါတယ်။ ဒေသခံတွေကတော့ ပုံမှန်အတိုင်း သွားလာနေကြတယ်” ဟု ပြောသည်။
ဇူလိုင် ၁ ရက်နေ့က ALP ဒုတိယ ဥက္ကဌ ခိုင်နီရောင်၊ ALP/ALA (၁၀၁) တပ်ရင်းမှ တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင်တို့ကို စစ်တွေတက္ကသိုလ် ကျောင်းရှေ့အရောက်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) က လုပ်ကြံချောင်းမြောင်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ALP က ကြေညာချက် ထုတ်ပြန်ထားသည်။
ALP ၏ ထုတ်ပြန်ချက်မှာ အခြေအမြစ်မရှိဘဲ စွပ်စွဲနေခြင်းဖြစ်ပြီး ၎င်းကိစ္စနှင့် လုံးဝပတ်သက်မှု မရှိကြောင်း ULA/AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။
ယခုနှစ် ဇန်နဝါရီလ ၄ ရက် ကလည်း ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ အမှတ် (၁၀၁) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ခိုင်ကျော်စိုးနှင့် ဗိုလ်ကြီး သူရိန္ဒတို့မှာ စစ်တွေမြို့ စက်ရုံစုရပ်ကွက် (၁၃) ဆီဆိုင်တန်း အနီး ကားလမ်းပေါ်တွင် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့သည်။
ထိုအချိန်ကလည်း ယင်းလုပ်ကြံမှုမှာ ULA/AA လက်ချက်ဖြစ်ကြောင်း ALP က ပြောဆိုခဲ့မှုကို အခြေအမြစ် မရှိသည့် စွပ်စွဲချက်ဟု ရက္ခိုင့်တပ်တော် (AA) က ပြန်လည်တုန့်ပြန်ခဲ့သည်။
အောင်ထိန် (DMG) – ပေးပို့သည်။