10 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းစစ်တွေတွင် ပစ်ခတ်သံများ ပြန်လည်ထွက်ပေါ်လာလို့ ဒေသခံများ စိုးရိမ်နေကြရ

စစ်တွေတွင် ပစ်ခတ်သံများ ပြန်လည်ထွက်ပေါ်လာလို့ ဒေသခံများ စိုးရိမ်နေကြရ

ရခိုင်မြောက်ပိုင်းတွင် တစ်ခုတည်းကျန်ရှိနေသေးသည် စစ်တွေမြို့နယ်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက် နောက်ပိုင်းမှစ၍ လက်နက်သံများငြိမ်သတ်သွားခဲ့ပြီးနောက် ယခုတဖန်ပစ်ခတ်သံများ ပြန်လည်ထွက်ပေါ်လာတာကြောင့် ဒေသခံများစိုးရိမ်နေကြကြောင်း ပြောဆိုကြသည်။

ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက်ပိုင်းကစ၍ စစ်တွေမြို့အခြေစိုက် အမှတ် (၁၂) ရဲတပ်ရင်းမှ လက်နက်ကြီးပစ်ခတ်သံများ ထွက်ပေါ်ခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းတွင်လည်း သေနတ်သံအချို့ ကြားရသည်ဟု ဒေသခံများက ပြောသည်။

“နေလည်ပိုင်းရော ညနေပိုင်းအထိပါ လက်နက်ကြီးပစ်ခတ်သံတွေ ကြားရတယ်။ ဒီနေ့မနက်ပိုင်းကလည်း လက်နက်ငယ် ပစ်ခတ်သံတွေ ကြားရတယ်။ တိုက်ပွဲဖြစ်ပွားမှု ရှိ/မရှိတော့ အတိကျ မသိရဘူး။ လက်နက်ငယ် အသံတွေကတော့ ကံ့ကော်ကျွန်းတို့ ဝါဘိုရွာတို့ဘက်ကလို့ ယူဆရတယ်” ဟု စစ်တွေဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာနှင့် ကံ့ကော်ကျွန်းကျေးရွာအနီးတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်က စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ကောင်စီက ဝါဘိုကျေးရွာနှင့် စစ်တွေ – ပုဏ္ဏားကျွန်းနယ်စပ်တကြောရှိ စပါးထားကျေးရွာတို့ကို လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် စပါးထားကျေးရွာတွင် နေအိမ် ၉ ဆောင်ထက်မနည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

စစ်တွေမြို့တွင် ပစ်ခတ်သံများရပ်တန့်သွားခဲ့ပြီး ယခုတခါ ပြန်လည်၍ ပစ်ခတ်သံများရှိလာနေသဖြင့် တိုက်ပွဲ ပြင်းထန်လာမည်နှင့်ပတ်သက်၍ မြို့ခံများအကြား စိုးရိမ်မှု မြင့်တက်နေကြသည်။

“စစ်တွေမြို့မှာ ပစ်ခတ်သံ မကြားရတာ ၁၅ ရက်လောက် ရှိပြီ။ အခုပြန်ကြားရတော့ စိုးရိမ်စိတ်တော့ ရှိကြတာ ပေါ့။ မြို့တွင်းအခြေအနေကတော့ အေးဆေးလို့ပဲပြောလို့ရတယ်။ ဒါပေမဲ့ ပစ်ခတ်သံ ပြန်ကြားလာရတာကြောင့် တိုက်ပွဲ ဖြစ်လာမလားဆိုပြီးတော့ စိုးရိမ်နေကြတာတော့ ရှိကြတယ်။ အခြေအနေကတော့ စောင့်ကြည့်နေရဆဲ ဖြစ်တယ်” ဟု နောက်ထပ် စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိ၌ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) က ဝိုင်းရံပိတ်ဆို့ထားပြီး နှစ်ဖက်အင်အားအလုံးအရင်းဖြည့်တင်း ထားကာ မြေပြင်ရှိ နှစ်ဖက်ကြား စစ်ရေးအခြေအနေသည်လည်း တင်းမာလျက်ရှိသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူ နှင့် မာန်အောင်မြို့နယ် ၃ ခုကိုသာ ထိန်းချုပ်ထားနိုင်ပြီး အဆိုပါမြို့နယ်များတွင် ရေတပ်နှင့် ကြည်းတပ်အင်အားများကို ဖြည့်တင်းကာ ခံစစ်ပြင်ဆင်ထားကြောင်း သိရသည်။

၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ရခိုင်ပြည်အတွင်း စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခြင်းမရှိတော့ဘဲ ဧရာဝတီ၊ ပဲခူးနှင့် မကွေးနယ်စပ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက် ရှိနေသည်။

အောင်ထိန် (DMG) ပေးပို့သည်။