စစ်တွေတွင် စစ်ကောင်စီနှင့် AA တို့ နှစ်ဖက်စစ်ရေးတင်းမာလာ

0
150
ပုံစာ - ရခိုင် တတိယတကျော့ပြန်စစ်ပွဲ စတင်သည့် ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်နေ့တွင် စစ်တွေမြို့တွင်း၌ လှည့်လည် သွားလာနေသည့် သံချပ်ကာကားတစ်စီး။ (Photo – CJ)

ရခိုင်မြောက်ပိုင်းတွင် စစ်ကောင်စီထိန်းချုပ်ထားဆဲ နောက်ဆုံးလက်ကျန်ဖြစ်သည့် မြို့တော် စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့အကြား နှစ်ဖက်အပြိုင်အဆိုင် စစ်အင်အားဖြည့်တင်းမှုများရှိနေပြီး စစ်ရေးတင်းမာနေကြောင်း စစ်ရေးအခြေနေသိရှိသူ သတင်းရင်းမြစ်များက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်အစပ် စစ်တွေမြို့နယ်မှ ကျေးရွာများဖြစ်သည့် အမြင့်ကျွန်း၊ ချီလည်ပင်း၊ သိန်းတန်၊ ကျားမသောက်၊ တောကန်ကျေးရွာ စသည့်ကျေးရွာတို့နှင့် အနီးအနားတို့တွင် နှစ်ဖက်တပ် စစ်အင်အားဖြည့်တင်းမှုများကို ယခုရက်ပိုင်း ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

“စစ်တွေမြို့နယ် အခြမ်းက စစ်ကောင်စီအထိုင်ချနေထိုင်တဲ့ ကျေးရွာတွေမှာ ဒီရက်ပိုင်း အင်းအားတွေ ဖြည့်တင်းနေတာတွေရှိတယ်။ လူဖြည့်တာတွေ လက်နက်သယ်တာတွေ ရှိတယ်။ AA ကလည်း ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ထိစပ်နေတဲ့ ကျေးရွာတွေနဲ့ စစ်တွေမြို့နယ်အတွင်း AA ထိန်းချုပ်ထားတဲ့ ကျေးရွာတွေမှာ လူအင်အားရော့ လက်နက်အင်အားကို ဖြည့်တင်းပြီး ပြင်ဆင်နေကြတာ။ ဒါကြောင့် တဖြည်းဖြည်းနဲ့ စစ်ရေးတင်းမာနေတယ်” ဟု စစ်ရေးအခြေနေကိုသိရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

အာရက္ခတပ်တော် AA သည် စစ်တွေမြို့နယ်နှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့် ပေါက်တောမြို့နယ်တို့ကို သိမ်းပိုက်ထားပြီဖြစ်ပြီး လက်ရှိတွင် စစ်တွေမြို့နယ်ကို ဝိုင်းရံ ပိတ်ဆို့ထားသည်။

ယင်းအပြင် AA တပ်ဖွဲ့ဝင်တချို့မှာလည်း စစ်တွေမြို့နယ်ထဲသို့ ဝင်ရောက်လှုပ်ရှားနေပြီး စစ်ကောင်စီနှင့် မကြာခဏ ထိတွေ့တိုက်ပွဲငယ်များ ရှိနေသည်။

လက်ရှိတွင် စစ်ကောင်စီက စစ်တွေမြို့နယ်အထိ AA ၏ ထိုးစစ်ရောက်ရှိလာမည်ကို စိုးရိမ်ပြီး ခံစစ်ပြင်ဆင်နေခြင်း ဖြစ်ကာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို လက်နက်ကြီးများ ပစ်ခတ်မှုများ ယခုရက်ပိုင်းအတွင်း ပိုမိုလုပ်နေသည်ဟု ဆိုသည်။

“စစ်တွေဘက်မှာ AA က ထိုးစစ်ဆင်တာမျိုးတော့ မရှိသေးဘူး။ ဒါပေမဲ့ ရံဖန်ရံခါ နှစ်ဖက်ထိတွေ့မှုတွေ ရှိတယ်လို့ ကြားရတယ်။ တိုက်ပွဲအကြီးတော့ မဟုတ်ဘူး။ နှစ်ဖက်လုံးကတော့ လိုအပ်တာတွေကို ကြိုပြင်ဆင်ထားကြတဲ့ သဘောပေါ့။ စစ်ကောင်စီက ဒီရက်ပိုင်းတွေမှာ ပုဏ္ဏားကျွန်းနဲ့ စစ်တွေအစပ်ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ နေ့တိုင်းလိုလို ပစ်ခတ်တာတွေရှိကြတယ်” ဟု ပုဏ္ဏားကျွန်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၇ ရက်နေ့ ညအချိန်တွင် စစ်တွေကနေ ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာကျေးရွာသို့ လက်နက်ကြီး ပစ်ခတ်ခဲ့သဖြင့် အရပ်သားတစ်ဦး သေဆုံးပြီး၊ ၄ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

စစ်တွေမြို့နယ်တွင် ထိုသို့ နှစ်ဘက်စစ်အင်အား ဖြည့်တင်းပြင်ဆင်နေခြင်းမှာ လာမည့် ၂၀၂၅ နှစ်ဆန်းပိုင်းတွင် ကြီးလေးသည့် တိုက်ပွဲကြီးများ ဖြစ်လာနိုင်သည်ကို မြင်ရကြောင်း ဒေသခံများက ခန့်မှန်းထားကြသည်။

“မကြာမီမှာ စစ်တွေကို AA ထိုးစစ် ရောက်တော့မှာလို့ စစ်ကောင်စီက ခန့်မှန်းထားပြီးသားဖြစ်တယ်။ မောင်တော ကျပြီးကတည်းက ရခိုင်မြောက်ပိုင်းတခွင်မှာ စစ်တွေတစ်မြို့တည်းသာကျန်တော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေ ကြပေါ့လေ။ AA ကလည်း ရခိုင်ပြည်မှာ စစ်ကောင်စီကင်းစင်အောင်လုပ်မယ်လို့ တရားဝင်ပြောထားတော့ အနှေးနဲ့ အမြန် ၂၀၂၅ နှစ်ဆန်းပိုင်းမှာ စစ်တွေမှာ တိုက်ပွဲကြီးတွေဖြစ်ဖို့ အလားလာများတယ်” ဟု ရခိုင်စစ်ရေးစောင့်ကြည့်နေသူ စစ်တွေဒေသခံ စစ်ဘေးရှောင်တစ်ဦးက သုံးသပ်သည်။

ထို့အတူ စစ်ကောင်စီသည် စစ်တွေမြို့နယ်အပိုင် ပုဏ္ဏားကျွန်းမြို့နယ်အစပ် ကျေးရွာ ၃၀ ထက်မနည်းရှိ ရွာသားများကို ကျေးရွာထဲမနေရဟု နှင်ထုတ်ထားပြီး အင်အားဖြည့်တပ်စွဲထားသဖြင့် ဒေသခံ ၂ သောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရဆဲ ဖြစ်သည်။

ရခိုင်တိုက်ပွဲ တစ်နှစ်ကျော်အတွင်း အာရက္ခတပ်တော် AA သည် ပလက်ဝနှင့် ရခိုင်က မြို့နယ် ၁၃ ခုအထိ သိမ်းပိုက်ထားပြီးဖြစ်ပြီး အမ်းမြို့ နပခဌာနချုပ်နှင့် ဂွမြို့နယ်တို့တွင် မြို့သိမ်းတိုက်ပွဲ ဆင်နွဲနေသည်။

ယနေ့အချိန်ထိ ရခိုင်ပြည်တွင် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ် ၃ ခုလောက်သာ စစ်ကောင်စီက ထိန်းချုပ်ထားဆဲ ဖြစ်သည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here