စစ်တွေတက္ကသိုလ်ရှေ့ ပစ်ခတ်မှု ULA/AA လက်ချက်ဟု ALP စွပ်စွဲချက် လုံးဝပတ်သက်မှုမရှိဟု ULA/AA တုံ့ပြန်

0
352
ပုံစာ - ALP ထုတ်ပြန်ချက်

ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့ကွဲမှ ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့သော ဇူလိုင် ၁ ရက်နေ့ စစ်တွေတက္ကသိုလ်ရှေ့ သေနတ်ပစ်ခတ်မှုဖြစ်စဉ်မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် (ULA/AA) က ရည်ရွယ်ချက်ရှိရှိ လုပ်ကြံပစ်ခတ် သတ်ဖြတ်ခြင်းဖြစ်ကြောင်း ALP က ဇူလိုင် ၂ ရက်တွင် ထုတ်ပြန်ချက်ရေးသားထုတ်ပြန်သည်။

ယခုကဲ့သို့ ALP က စွပ်စွဲထုတ်ပြန်ချက်အပေါ် ၄င်းတို့နှင့် လုံးဝ သက်ဆိုင်မှုမရှိဟု ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက တုံ့ပြန်ပြောဆိုသည်။

“ဒါကတော့ လုံးဝ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်ပဲ ဖြစ်တယ်။ ဒီကိစ္စက ကျနော်တို့ ULA/AA နဲ့ပတ်သက်မှု လုံးဝ (လုံးဝ) မရှိပါ။ သူတို့ ALP ပါတီတွင်းက အကွဲအပြဲတွေ၊ တဘက်နဲ့တဘက် မကျေနပ်မှုတွေကြောင့် အခုလို ကိစ္စတွေ ဖြစ်လာတာလို့ သုံးသပ်ပါတယ်။ နောက်တခုကတော့ ALP အဖွဲ့ဝင်တွေဟာ စစ်တွေမြို့ထဲမှာ ပြည်သူတွေကို မတရား ဖမ်းဆီးနှိပ်စက် အနိုင်ကျင့်မှုတွေ၊ ပြန်ပေးဆွဲ ငွေညှစ်မှု စတဲ့ ရာဇဝတ်မှုတွေကို တောက်လျှောက် ကျူးလွန်နေတဲ့အတွက် စစ်တွေ ဒေသခံတွေကြားမှာလည်း မကျေနပ်မှုတွေ အများကြီး ရှိနေကြတယ်။ ဒါတွေကြောင့်လည်း တစ်ယောက်ယောက်က လက်တုံ့ပြန်တာမျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်” ဟု ဦးခိုင်သုခက ပြောဆိုသည်။

ယမန်နေ့က ပစ်ခတ်မှုဖြစ်စဉ်အတွင်း ALP မှ ဒုတိယဥက္ကဋ္ဌ ခိုင်နီရောင်၊ ALA အမှတ် (၁၀၁) တပ်ရင်းမှ တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင်တို့ ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။

ALP မှ ဒုတိယ ဥက္ကဋ္ဌ ခိုင်နီရောင်၊ ALA အမှတ် (၁၀၁) တပ်ရင်းမှ တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင်တို့ ၃ ဦးအား ဇူလိုင် ၁ ရက်၊ မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး “မိုခါ” မုန်တိုင်း ကယ်ဆယ်ရေးကိစ္စများအတွက် ဥက္ကဋ္ဌရုံးတွင် အစည်းအဝေးပြုလုပ်ပြီး အပြန် စစ်တွေတက္ကသိုလ်ကျောင်းရှေ့တွင် (ULA/AA) မှ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံချောင်းမြောင်း ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်ဟု ALP ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရခိုင်ပြည်နယ်၊ ရခိုင်လူမျိုးများ အကျိုးအတွက် လက်နက်ကိုင်ခဲ့ကြသော အဖွဲ့အစည်းများ အချင်းချင်းကြားတွင် (ULA/AA) မှ စဉ်ဆက်မပြတ်ပြုမူခဲ့သော ဤသို့အပြုအမူမျိုးသည် အလွန်ယုတ်ညံ့သည့် မလုပ်သင့် မလုပ်အပ်သော အပြုအမူဖြစ်သည်ဟု ALP က ပြင်းထန်စွာ ရှုတ်ချသည်ဟုလည်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက် က ALP ပါတီမှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြနှင့် တပ်မှူး ၂ ဦးတို့သည် စစ်တွေရှိ ဝေသာလီ အားကစားကွင်း၌ စစ်ကောင်စီက ပြုလုပ်ခဲ့သည့် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ပြီး အိမ်စီးကားဖြင့် အပြန်တွင် စက်ရုံစုရပ်ကွက်ရှိ ဆီဆိုင်တန်းအနီး၌ လက်နက်ကိုင်တစ်စု၏ သေနတ်ဖြင့် ပစ်ခတ်ခြင်းခံခဲ့ရပြီး ၃ ဦးစလုံး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here