စစ်တောင်းမြစ်အရှေ့ဘက်ကမ်းတွင် စစ်ကောင်စီ လေကြောင်းနှင့်လက်နက်ကြီးပါ ပစ်ခတ်တိုက်ခိုက်လို့ ဒေသခံလင်မယား ၂ ဦး သေဆုံး

0
441
ပုံစာ - စစ်ကောင်လက်နက်ကြီးကျည်ကြောင့် ဒေသခံလင်မယား ၂ ဦးသေဆုံးခဲ့သည်။ (Photo- KPSN)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာများကို ဩဂုတ်လ ၃၀ ရက်နှင့် ၃၁ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းရော လက်နက်ကြီးဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံလင်မယား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ဩဂုတ်လ ၃၀ ရက်နေ့မှ စပြီး စစ်ကောင်စီတပ်များသည် ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ရွာနှင့် အနီးတဝိုက် သို့ ၁၇ ကြိမ်တိုင်တိုင် လေကြောင်းဖြင့် ပစ်ခတ်ခဲ့ပြီး စည်ပိုင်းရွာ၊ ရှမ်းရွာလေး၊ ပိန္နဲပင်ရွာ၊ အောက်ပိုင်းရွာ အစ ရှိသည့် ကျေးရွာများသို့လည်း လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် အောက်ပိုင်းရွာနေ ဒေသခံလင်မယား ၂ ဦး လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “လေယာဉ်လာပြီးတော့ တော်လှန်ရေးတပ်ရဲ့စခန်းတစ်ခုကို စစ်တပ်က ဝင်စီးတာလို့ သိရတယ်။ အဲ့ဒါကြောင့် တိုက်ပွဲဆက်ဖြစ်တာ၊ ပြီးတော့ ရွာဘက်ကို စစ်တပ်က လက်နက်ကြီး ထပ်ပစ်တာမှာ လင်မယားနှစ်ယောက် ဆုံးတယ်” ဟု ပြောသည်။

လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အနီးအနားကျေးရွာများရှိ ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး စစ်ကောင်စီတပ်များ ထပ်မံ စစ်ကြောင်းထိုး ဝင်ရောက်လာပါက နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားနိုင်ချေ ရှိသဖြင့် လုံခြုံရေး စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်းလည်း အဆိုပါဒေသခံက ဆက်ပြောဆိုသည်။

ဩဂုတ်လ ၃၁ ရက်နေ့က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ ဖြစ်ပွားခဲ့သည့် အဆိုပါထိတွေ့တိုက်ပွဲတွင် ပူးပေါင်းတပ်ဘက်မှ နယ်မြေအသာစီးရထား၍ ထိခိုက်မှု မရှိသော်လည်း စစ်ကောင်စီဘက်မှ အထိနာခဲ့သည်ဟု တော်လှန်ရေးအင်အားစုနှင့် ဒေသခံများထံမှ သိရှိရသော်လည်း ထိခိုက်မှု အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါသည်။

စစ်တောင်းမြစ် အရှေ့ဘက်ပိုင်းဒေသသည် တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှု အများအပြား ရရှိထားသောကြောင့် စစ်ကောင်စီက ဒေသခံပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်မှုများလုပ်၍ အင်အားစုများ အထိနာအောင် ပြုလုပ်နေခြင်း ဖြစ်သည်ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်-KPSN မှ တာဝန်ရှိသူတစ်ဦးက အခုလိုပြောသည်။

“အင်အားစုတွေ အနေနဲ့ကလည်း တိုက်ခိုက်ရေးရော ပြည်သူလူထုရဲ့ လုံခြုံရေးကိုလည်း စောင့်ရှောက်ရတာ ဆိုတော့ ပြည်သူကို ဒုက္ခအမျိုးမျိုးပေးနိုင်တယ်ဆိုရင် တော်လှန်ရေး ဆုတ်ယုတ်မယ်ဆိုတာမျိုးနဲ့ စစ်ကောင်စီ က လုပ်ဆောင်နေတာ ဖြစ်တယ်။ ပြီးတော့ ရွာထဲမှာ ပစ္စည်းတွေကို ဖျက်ဆီးတာ၊ ပြည်သူတွေကို ရွာထဲ ပြန်မနေနိုင်အောင် လေယာဉ်နဲ့ လက်နက်ကြီးနဲ့ ဗုံးကြဲချတာတွေ လုပ်တာတွေက စစ်တပ်ရဲ့အင်မတန်ကို လူသားမဆန်တဲ့ လုပ်ရပ်တွေဖြစ်တယ်” ဟု ၎င်းက ပြောဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလပိုင်းက KPSN မှ ထုတ်ပြန်ထားသော စာရင်းများအရ စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ဒေသအပါအဝင် ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ (၂) ထိန်းချုပ်ရာ တောင်ငူခရိုင်အတွင်း ပဋိပက္ခနှင့် ပစ်ခတ်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေသည် ၃ သောင်းကျော် ရှိနေပြီး လက်ရှိတွင် ၎င်းအရေအတွက်ထက် ထောင်ဂဏန်း ပိုများလာသည်ဟုလည်း KPSN ၏ ပြောဆိုမှုအရ သိရသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here