စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဇန်နဝါရီလက သံတွဲမြို့၊ ဖေဖော်ဝါရီလမှာ စစ်တွေနှင့် ကျောက်ဖြူမြို့၊ ယခု မတ်လမှာလည်း စစ်တွေမြို့သို့ ရောက်ရှိနေပြီး ၂၀၂၃ နှစ်ဆန်းကစပြီး တစ်လတစ်ကြိမ်ကျနှုန်းဖြင့် ရခိုင်ကို (၃) ကြိမ်အထိ ရောက်ရှိခဲ့ပြီး ဖြစ်သည်။
ထိုသို့ စစ်ကောင်စီဥက္ကဌ ရခိုင်သို့ လာရောက်နေခြင်းမှာ တပ်တွင်း မိသားစုဝင်များကိုအားပေးမှု၊ စစ်ရေးပြင်ဆင်မှုများအပြင် ရခိုင်ပြည်သူများ၏ ထောက်ခံမှုကိုရရှိအောင် စည်းရုံးမည့်အစီအစဉ်များ ပါနိုင်ကြောင်း နိုင်ငံရေးအကဲခတ်သူ ဦးဖေသန်းက DMG ကို ပြောသည်။
“တပ်ရဲ့ခေါင်းဆောင်တစ်ယာက် လာတယ်ဆိုတာ စစ်ရေးမပါတာ မရှိဘူး။ အဓိကတော့ သူတို့ရဲ့ စစ်ရေးပြင်ဆင်မှုပါမယ်။ ပြီးတော့ တပ်တွင်းမိသားစုတွေကို အားပေးတာတွေ၊ စည်းရုံးတာတွေ ပါမယ်ပေါ့။ နောက်ပြီး စစ်ဆင်းရေးနဲ့ပတ်သက်ပြီးတော့ တပ်မှူးတွေကို တိုင်ပင်ဆွေးနွေးတာတွေ ပါလိမ့်မယ်။ ဒါကတော့ စစ်တပ်ခေါင်းဆောင်တွေရဲ့ ခရီးစဉ်တွေမှာ ပါစမြဲ ဖြစ်တယ်။ ဒုတိယတစ်ချက်ကတော့ သူ့ကို ရခိုင်ပြည်သူတွေ ထောက်ခံလာအောင် စည်းရုံးတဲ့ ပြယုဂ်တွေ လုပ်နေတယ်လို့ မြင်တယ်” ဟု ဦးဖေသန်းက ရှုမြင်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုအကြိမ်တွင် ယခင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တည်ထားခဲ့သည့် လောကာနန္ဒာစေတီ ထီးတော်တင်ရန် စစ်တွေမြို့သို့ ရောက်ရှိနေခြင်းဖြစ်သည်။
ထီးတော်တင်ပွဲကို မတ်လ ၃၁ ရက် ယနေ့ နံနက် ၉ နာရီအချိန်မှာ ပြုလုပ်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ၊ ပြည်နယ်စစ်ကောင်စီနှင့် တခြားတာဝန်ရှိသူများပါ တက်ရောက်ခဲ့သည်။
လက်ရှိမှာ စစ်ကောင်စီသည် ရခိုင်ပြည်အတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို ဒေသနေပြည်သူအများစု၏ ထောက်ခံမှုကို ရရှိထားသော ရက္ခိုင့်တပ်တော် (AA) နှင့်အပြိုင် လုပ်ဆောင်နေရသည့် အခြေအနေဖြစ်သည်။
“ရခိုင်မှာ ULA/AA တပ်တော် ရှိနေတဲ့အတွက် မြန်မာစစ်တပ်ကို ရခိုင်ပြည်သူတွေ မထောက်ခံဘူး။ ULA/AA ကိုပဲ ထောက်ခံတယ်ဆိုတော့ သူ့အနေနဲ့ ရခိုင်ပြည်အတွက် ဖွံ့ဖြိုးတိုးတက်ရေးကအစ ဘာသာရေးအဆုံးပေါ့။ သူလုပ်နေပါတယ်၊ သူ့ဘက်က အကောင်းဆုံး ကြိုးစားဆောင်ရွက်နေပါတယ် ဆိုတဲ့ ပုံရိပ်ကို ရခိုင်ပြည်သူတွေကို ပြသချင်တဲ့သဘော” ဟု သူ ဦးဖေသန်းက ပြောသည်။
ပြီးခဲ့သည့် ရခိုင်ခရီးစဉ်တွင် စစ်ကောင်စီဉက္ကဌက ရခိုင်ပြည်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ရေး လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
စစ်ကောင်စီဉက္ကဌသည် အကြောင်းအမျိုးမျိုးဖြင့် ရခိုင်ပြည်သို့ မကြာခဏ ရောက်ရှိနေခြင်းမှာ နိုင်ငံရေးဩဇာ တည်ဆောက်နိုင်ရေးနှင့် ရွေးကောက်ပွဲအတွက် တည်ငြိမ်မှုကိုပြသလိုခြင်း ဖြစ်သည်ဟုလည်း ရခိုင်ဒေသခံများက ထင်မြင်ချက်ပေးနေကြသည်။
“လက်ရှိမှာ ရက္ခိုင့်တပ်တော် AA က ဖွဲ့စည်းထားတဲ့ အာရက္ခပြည်သူ့အစိုးရနဲ့ စစ်ကောင်စီတို့က စင်ပြိုင်တွေလို ဖြစ်လာတယ်။ နှစ်ဘက်စလုံးက သူ့အုပ်ချုပ်မှုနယ်မြေနဲ့သူ ရှိနေတဲ့အခြေအနေမျိုးကို ကျနော်တို့ တွေ့ရတယ်။ ဆိုတော့ ရခိုင်ပြည်က လက်ရှိအခြေအနေမှာ ဒီ ဖက်တို (de facto) ပုံစံမျိုးတွေ ဖြစ်လာတဲ့အခါကျတော့ နိုင်ငံရေးအရ ဩဇာတည်ဆောက်မှုနဲ့ ပါဝါလွန်ဆွဲပွဲကတော့ စနေပြီဆိုတဲ့ဟာကို ကျနော်တို့တွေ့ရတယ်” ဟု ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူ ကိုထွန်းကြည်က ဆိုသည်။
စစ်ခေါင်းဆောင်၏ ယခုတစ်ကြိမ် ရခိုင်ခရီးစဉ်တွင် စစ်တွေကန်တော်ကြီး၊ စစ်တွေဗျူးပွိုင့်သို့ သွားရောက်ကြည့်ရှုခဲ့သည်။
ယင်းအပြင် စစ်တွေတက္ကသိုလ်မှ တာဝန်ရှိသူများနှင့်လည်း သွားရောက်တွေ့ဆုံခဲ့ပြီး တက္ကိသိုလ်အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဟုပြောကြားရင်း ဆရာ/မများနှင့် ကျောင်းသား/သူများအနေဖြင့် နိုင်ငံရေးမလုပ်ကြရန်၊ နိုင်ငံရေးထက် နိုင်ငံ့အရေးကို အလေးထားကြရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။
အောင်ထိန်(DMG) ပေးပို့သည်။