စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေညာထားသည့် တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာ အုပ်စုအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်မှ အရပ်သားတစ်ဦးကို ပစ်သတ်ခဲ့သည်ဟု ရွာသားများက ပြောသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာလမ်းကြောင်းရှိ လယ်ကွင်းအတွင်း အလုပ်လုပ်ကိုင်နေသည့် ရှပ်ပုံကျေးရွာအုပ်စု၊ ပြင်းငယ်ကျေးရွာသား အသက် ၁၈ နှစ်အရွယ် ကိုအောင်ဖြိုးကိုအား ပစ်သတ်ခဲ့ပြီးနောက် အခြား ရွာခံအမျိုးသား နှစ်ဦးကိုလည်း လမ်းပြအဖြစ် ဖမ်းဆီးသွားသည်ဟု ရွာသားများက ပြောသည်။
ရှပ်ပုံရွာသားတစ်ဦးက “အင်္ကျီအမဲရောင်ဝတ်ထားလို့ ပစ်တာလို့ ပြောဆိုသံတွေကြားတယ်။ ကိုစိုးသန့်နဲ့ ကိုကြာရိုးတို့ နှစ်ယောက်ကိုလည်း လမ်းပြပေးဖို့ ဖမ်းခေါ်သွားသေးတယ်” ဟု ပြောသည်။
လယ်ကွင်းအတွင်း ပစ်သတ်ခံရသည့် ကိုအောင်ဖြိုးကို၏ ဦးခေါင်းဘယ်ဘက်နားထင်တွင် သေနတ်ကျည်ထိ မှန်ထားသည့် ဒဏ်ရာကို တွေ့ရှိရကြောင်း ရွာသားများက ပြောဆိုသည်။
၎င်းအား စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်၌ စစ်ကောင်စီစစ်ကြောင်းက ပစ်သတ်သွားခြင်းဖြစ်သည်ဟု ၎င်းတို့က ဆက်ပြောသည်။
ထို့အပြင် စစ်ကြောင်းထိုးလာရာ လမ်းတလျှောက်တွင် တွေ့ရသူများ၏ ဖုန်းများကိုလည်း စစ်ဆေးသည့်အပြင် သေနတ်ဒင်ဖြင့်ပါ ထုထောင်းရိုက်နှက်ခြင်းခံရသည့် ရွာသားတချို့လည်းရှိကြောင်း ဒေသခံရွာသားများက ပြောသည်။
စစ်ကောင်တပ်မှ လမ်းပြအနေဖြင့် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦးကို ဝါးတန်းရပ်ကွက် ဘုန်းကြီးကျောင်းသို့ ရောက်ရှိချိန်၌ ပြန်လွှတ်ပေးခဲ့ကြောင်း ရွာသားများက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ဝါးတန်းဘုန်းကြီးကျောင်း တောင်ကုန်းပေါ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး တပ်ဆင်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်နှင့် ပျူစောထီးအဖွဲ့များ ပူးပေါင်းပြီး တပ်စွဲနေထိုင်လျက်ရှိနေသည်ဟု ရွာသားများက ပြောသည်။
စစ်ကြောင်းထိုး ရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် စစ်တင်ဘာလ ၃၀ ရက်နေ့၊ ည ၈ နာရီခန့်က မြေတင်ကားနှစ်စီးဖြင့် ရှပ်ပုံကျေးရွာနှင့် ၃ မိုင်ခန့်သာကွာဝေးသည့် မကျည်းကုန်းကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားသဖြင့် လက်ရှိတွင် ယခင်က ပုံမှန်ရှိနေကျ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များသာ ကျန်ရှိတော့ကြောင်း ရွာသားများက ပြောသည်။
NMG ပေးပို့သည်။