ချင်းပြည်နယ်၏ စစ်ကောင်စီအစိုးရရုံးစိုက်ရာ ဟားခါးမြို့တွင်အခြေစိုက်ထားသော ဟားခါးအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးဝင်းထွန်းသည် ရာထူးတိုးဖြင့် တပ်မ ၉၉ တပ်မမှူးအဖြစ် အစားထိုးခန့်အပ်ခံရပြီးနောက် ဟားခါးအခြေချ စစ်ဗျူဟာမှူး အပြောင်းအလဲဖြစ်လာကြောင်း သိရသည်။
ယခုဇွန်လအတွင်း ဟားခါးအခြေချ စစ်ဗျူဟာမှူးစိုးဝင်းထွန်းသည် အစမ်းခန့်ဗိုလ်မှူးချုပ်ရာထူးတိုးဖြင့် မန္တလေးတိုင်း၊ မိတ္ထီလာမြို့အခြေစိုက် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ်ကို တပ်မမှူးအဖြစ် ပြောင်းရွေ့ခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
“သူက လက်ရှိမှာတော့ တပ်မမှူးအဖြစ် တိုးလိုက်ပြီးဆိုတော့ ယာယီဗိုလ်မှူးချုပ်၊ အစမ်းခန့် ဗိုလ်မှူးချုပ်ရာထူးကို ရရှိသွားပြီဖြစ်ပါတယ်။ လက်ရှိမှာ အခြေချဟားခါးမှာပဲရှိပြီးတော့ မိတ္ထီလာ သို့မဟုတ် သူတို့ စစ်ဆင်ရေးဝင်နေတဲ့ နတ်ရေကန်၊ ပဒါန်းဘက်ကိုသွားဖို့ ပြင်ဆင်နေဆဲပဲ ရှိပါသေးတယ်။ သူ့အကြောင်းကိုတော့ ကျနော်တို့ အခုမှ စုံစမ်းတည်ဆောက်နေဆဲပဲ ရှိပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
ဗျူဟားမှူးအပြောင်းအလဲကြောင့် ဟားခါးမြို့ဝန်းကျင်တွင် စစ်ကောင်စီ၏ တန်ပြန်စစ်ကြောင်းထိုးမှုများ ဖြစ်လာနိုင်သည်ဟု သိရသည်။
ဗိုလ်ကြီးဇင်ယော်က “ပိုကြမ်းလာမယ့် လူတွေကိုပဲ ထပ်ထပ်ရွေးပြီးခန့်တဲ့ အနေအထားမျိုးပေါ့နော်။ သူတို့က ရောက်ရောက်ချင်းမှာဆိုရင် သူတို့က စစ်ရေးလုပ်ဆောင်မှုအနေနဲ့ ရာထူးတက်ဖို့အနေနဲ့ လုပ်ကွက်ပြတတ်ကြတယ်။ ဟားခါးဝန်းကျင်မှာ သူတို့ဘက်ကနေ တန်ပြန်စစ်ကြောင်းထိုးတာတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပေါ်နိုင်တယ်လို့တော့ သုံးသပ်ရပါတယ်” ဟု ပြောသည်။
ဟားခါးအခြေချ စစ်ဗျူဟာမှူး စိုးဝင်းထွန်းသည် တပ်မ (၉၉) ၏ လက်ရှိ တပ်မမှူး ဗိုလ်မှူးချုပ် တင်မောင်ကျော်ကို စစ်ကောင်စီက ဖမ်းဆီးပြီး ရာထူးရုပ်သိမ်းကာ မန္တလေးနန်းတွင်းမှာ စစ်ကြောရေးဝင်နေစဉ်တွင် အစားထိုးခန့်အပ်ခံရခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် ဟားခါးအခြေချစစ်ဗျူဟာမှူးနေရာတွင် အသစ်ရောက်ရှိလာသူကို မတွေ့ရသေးသော်လည်း စစ်ကောင်စီအနေဖြင့် ချက်ချင်းခန့်အပ်မည်ဟု သုံးသပ်ကြောင်း၊ စစ်ကောင်စီသည် ဗျူဟာမှူးနေရာကို အလွတ်မထားတတ်ကြောင်း သိရသည်။
ချင်းတော်လှန်ရေးအင်အားစုများသည် ၂၀၂၅ ခုနှစ်တွင် ချင်းပြည်နယ်တစ်နယ်လုံး စစ်ကောင်စီကင်းစင်ရေး ဆောင်ရွက်သွားမည်ဟု ကြေညာထားသည်။
ချင်းပြည်နယ်တွင် ဟားခါး၊ ထန်တလန်၊ တီးတိန်မြို့ပေါ်တွင်သာ စစ်ကောင်စီတပ်စခန်းများ ကျန်ရှိတော့သည်။
လတ်တလောတွင် တပ်မ (၉၉) သည် ရခိုင်၊ မကွေးနှင့် ပဲခူးတိုင်း ဆက်စပ်ဒေသများတွင် စစ်ဆင်ရေးတာဝန်များယူနေရပြီး မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကာလမှ လက်ရှိအချိန်အထိ ၁ နှစ်ခွဲခန့်အတွင်း တပ်မ ၉၉ တပ်မမှူး ၅ ဦးအထိ အပြောင်းအလဲဖြစ်ခဲ့သည်ဟု သိရသည်။
KMG ပေးပို့သည်။