30 ဇွန် 2025 /

See today's Peace Related News

Homeသတင်းစစ်ကောင်စီ လေကြောင်းနှင့်ဗုံးကြဲလို့ KIA ထံ စစ်သင်တန်းတက်နေသည့် လူငယ် ၃၆ ဦး သေဆုံး

စစ်ကောင်စီ လေကြောင်းနှင့်ဗုံးကြဲလို့ KIA ထံ စစ်သင်တန်းတက်နေသည့် လူငယ် ၃၆ ဦး သေဆုံး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ နယ်မြေကို စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သင်တန်းတက်နေသည့် ကချင်လူငယ် ၃၀ ကျော် သေဆုံးခဲ့သည်ဟု KIA ရှေ့တန်းသတင်းအရင်းအမြစ်တို့က ပြောဆိုသည်။

မတ်လ ၃၁ ရက်နေ့ ညနေ ၅ ခွဲခန့်က KIA တပ်မဟာ ၈ တပ်ရင်း ၅ နယ်မြေတဝိုက်ကို စစ်ကောင်စီဂျက်လေယာဉ် ၂ စီးနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် KIA စစ်သင်တန်းကွင်းတွင်ရှိနေသည့် လူငယ် ၃၆ ဦး အသက်သေဆုံးခဲ့ရသည်ဟု KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“ဟုတ်တယ် မှန်ပါတယ်။ KIA တပ်မဟာ (၈) နယ်မြေထဲမှာ ဖြစ်သွားတာ။ ၃၀ ကျော်သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက လေကြောင်းနှင့်ဗုံးကြဲတိုက်ခိုက်သွားသည့် နေရာသည် KIA ထံ စစ်သင်တန်းတက်ရောက်နေသော လူငယ်ရာချီရှိနေပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် သုံးဆယ်ကျော်သေဆုံးပြီး နှစ်ဆယ်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

မကြာသေးခင်က မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ပဲခူး၊ မကွေးတိုင်း စသည့်နေရာတို့တွင် အင်အားပြင်းငလျင်ဒဏ်ကို ကြုံတွေ့ခဲ့ရသည့်အတွက် မြန်မာတစ်နိုင်ငံလုံးရှိပြည်သူများ ဝမ်းနည်းပူဆွေးနေချိန်၌ စစ်ကောင်စီတပ်က ထိုးစစ်မရပ်တန့်ဘဲ ကချင်ပြည်နယ်ကို လေကြောင်းနှင့် ယခုကဲ့သို့ ဆက်တိုက်တိုက်ခိုက်နေခြင်းဖြစ်သည်။

KIA တပ်မဟာ (၈) နယ်မြေထဲ ဗုံးကြဲတိုက်ခိုက်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက “မနေ့ (မတ် ၃၁ ရက်) ညနေ ၅ နာရီလောက်ဝန်းကျင်မှာ ဂျက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်သွားတယ်လို့တော့ ကြားရပါတယ်။ သေဆုံးမှုနဲ့ပတ်သက်ပြီးတော့ တိတိကျကျ သတင်းပေးပို့လာတာတော့ မရှိသေးပါဘူး” ဟု ပြောသည်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြုံတွေ့နေရချိန် နိုင်ငံတဝှမ်းဖြစ်ပွားနေသည့် တိုက်ပွဲများရပ်တန့်ရန် ပြည်သူများက တောင်းဆိုနေသော်လည်း ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းအပါ မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်မှုတို့ကို ဆက်တိုက်လုပ်ဆောင်နေသည့်အတွက် ခုခံတိုက်ပွဲများ ဖော်ဆောင်နေရသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် ကူညီကယ်ဆယ်ရေးကို အားထုတ်နေရမည့် စစ်ကောင်စီတပ်က ယခုလို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသည့်အပေါ် ကချင်နိုင်ငံရေးသုံးသပ်သူတစ်ဦးက “စစ်တပ်က ဒီအခြေအနေမျိုးမှာ တိုင်းရင်းသားဒေသတွေမှာ ငလျင်ဒဏ်ကြုံတွေ့နေရတဲ့ဒေသတွေအပါ ကချင်ပြည်နယ်မှာ တိုက်လေယာဉ်တွေကို အသုံးပြုပြီးတော့ တိုက်ခိုက်နေတဲ့အတွက် ပြည်သူလူထုတွေ ထိခိုက်သေဆုံးနေကြတယ်။ ဒီအပေါ်မှာ စစ်တပ်က တိုင်းပြည်အပေါ်မှာ ဘယ်လောက်စေတနာထားတာကို မြင်တွေ့ရတယ်။ တကယ်တမ်း ဒီစစ်လေယာဉ်တွေက အခုလိုကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုရမှာဖြစ်တယ်။ အခုလိုမြင်တွေ့ရတော့ စိတ်မကောင်းစရာဖြစ်ပါတယ်” ဟု ပြောသည်။

ယင်းအပြင် စစ်ကောင်စီတပ်က ဧပြီ ၁ ရက်နေ့ နံနက်ပိုင်းတွင်လည်း ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာကို ဒရုန်းနှင့် ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

KNG ပေးပို့သည်။