စစ်ကောင်စီ စစ်ကြောင်းထိုးဝင်လာလို့ စစ်ကိုင်းမြို့အနောက်ခြမ်းရှိ ကျေးရွာ ၅ ရွာ စစ်ရှောင်ပြေးနေရ

0
249
ပုံစာ - စစ်ရှောင်ပြေးနေရသည့် စစ်ကိုင်းမြို့အနောက်ခြမ်းရှိ ကျေးရွာများပြမြေပုံ။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာ ၅ ရွာမှ ဒေသခံများသည် စစ်ကောင်စီစစ်ကြောင်းများ ဝင်ရောက်နေတာကြောင့် တစ်ပတ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပြီး နေရပ်ပြန်နိုင်ခြင်း မရှိသေးကြောင်း စစ်ဘေးရှောင်နေသူများထံက သိရသည်။

“အခုထိတော့ အခြေအနေက မငြိမ်သေးဘူး ။စစ်ကြောင်းက အချိန်းအပြောင်းတွေ ရှိတယ်လို့တော့ သတင်းတွေ ထွက်နေတယ်။ စစ်ရှောင်ဖို့ ကျန်သေးတဲ့ သူတွေလည်း ပြန်ရှောင်ဖို့ ပြောထားတယ်လို့ ကြားတယ်လို့” စစ်ဘေး တိမ်းရှောင်နေသူတစ်ဦးက ဆိုသည်။

လွန်ခဲ့သည့်ရက်က စစ်ကောင်စီစစ်ကြောင်း ပြန်ထွက်သွားသော်လည်း ပြန်ဝင်လာရန်ရှိကြောင်း သတင်းထွက်ပေါ် နေတာကြောင့် စစ်ရှောင်များအနေဖြင့် နေရပ်ပြန်ရန် အခက်အခဲရှိနေကြောင်း သိရသည်။

စက်တင်ဘာလ ၁၄ ရက်နေ့က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် တာဝန်ကျရဲဝန်ထမ်းတစ်ဦး သတ်ဖြတ် ခံရတာက စစ်ကိုင်းမြို့အနောက်ခြမ်း၌ အခြေချနေထိုင်လျက်ရှိသော PDF အဖွဲ့များ၏ လက်ချက်ဟူသော အကြောင်းပြချက်ဖြင့် အဆိုပါ ကျေးရွာများသို့ စစ်ကြောင်း ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာချိန်တွင် ဒေသခံလူငယ်တချို့ ဖမ်းဆီးစစ်ဆေး ရိုက်နှက်ခံရမှုများ ရှိသကဲ့သို့ ဒေသကာကွယ်ရေးတပ် PDF အဖွဲ့ကလည်း လမ်းပိုင်း မိုင်းခွဲတိုက်ခိုက်မှုများ ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၁၇ ရက်နေ့က စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရား အနောက်ဘက်ခြမ်းရှိ ကျေးရွာများ ဖြစ်သည့် ညောင်ကုန်း၊ ကြွက်လူး၊ ပေါက်လှ၊ ဒေါင်းမ ၊ မအူပင် အစ ရှိသော ကျေးရွာများသို့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာခြင်း ဖြစ်သည်။

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာတာကြောင့် ယင်းဒေသရှိ ဒေသခံ တစ်သောင်းနီးပါးသည် စစ်ကိုင်းမြို့ပေါ် ရပ်ကွက်များ၊ စစ်ကိုင်းတောင်ရိုးရှိ ဘုန်းကြီးကျောင်းများနှင့် တခြားဒေသတွေရှိ ဆွေမျိုးများဆီ သွားရောက် ထွက်ပြေးခိုလှုံ နေကြရကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ စစ်ရှောင်ပြေးရခြင်းကြောင့် စိုက်ပျိုးထားသည့် ယာထွက်သီးနှံများ ပျက်စီးဆုံးရှုံးမှုများ ရှိသည့်အပြင် ကျောက်စိမ်းပုတီးလုပ်ငန်း လုပ်ကိုင်နေမှုကိုလည်း ရပ်နားထားရတာကြောင့် မိသားစု စားဝတ်နေရေး အခက်အခဲများ ရင်ဆိုင်နေကြရသည်ဟု စစ်ရှောင်ဒေသခံများထံက သိရသည်။

ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here