အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မည့်ရွေးကောက်ပွဲအား ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC) က ဆန့်ကျင်ကြောင်း ရေးသားထားသည့် စာရွက်စာတန်းများကို စစ်တွေတွင် ဖြန့်ဝေ၍ ကမ်ပိန်း (လှုပ်ရှားမှု) ပြုလုပ်နေကြောင်း သတင်းရရှိသည်။
AASYC က ပြီးခဲ့သည့် မတ်လ ၃၁ ရက်မှစတင်ကာ ရခိုင်ပြည်သူများ၏ဖုန်းများသို့ ရွေးကောက်ပွဲအား ဆန့်ကျင်သည့် မတ်ဆေ့ရှ် (SMS) ကို ပို့ပေးခဲ့ပြီး ယမန်နေ့ ဧပြီလ ၂ ရက်ကလည်း စစ်တွေမြို့ ရှုခင်းသာလမ်းရှိ ထိုင်ခုံများပေါ်တွင် ရွေးကောက်ပွဲအား ဆန့်ကျင်သည့် စာရွက်များကို ကပ်ထားခြင်း၊ ယင်းစာရွက်များအား လမ်းမပေါ်တွင် ဖြန့်ကြဲထားခြင်း စသည့်လုပ်ဆောင်ချက်များကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
AASYC က ပြုလုပ်သော ကမ်ပိန်းတွင် “မြန်မာစစ်တပ်သည် ၎င်းတို့ လိုလားသော အာဏာရှင်စနစ်နှင့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည် အသက်သွင်းရန်နှင့် တရားဝင်အစိုးရတစ်ရပ်ဖြစ်တည်နိုင်ရန်အတွက် အတုအယောင်ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ရန် အပြင်းအထန် ကြိုးစားလျက်ရှိရသည်” ဟု ရေးသားထားသည်။
၎င်းပြင် မြန်မာစစ်အာဏာရှင်အဆက်ဆက်သည် နိုင်ငံရေးအရ အကူးအပြောင်းကာလတွင် လူမျိုးရေး ဘာသာရေး အဓိကဂရုဏ်များကို ဖန်တီးကာ နိုင်ငံရေးအမြတ်ထုတ်လေ့ရှိသဖြင့် အထူးသတိပြုကြရန်လည်း ဖြန့်ဝေသည့် စာထဲတွင် ထည့်ရေးထားသည်။
“မြန်မာစစ်အာဏာရှင်အဆက်ဆက်သည် နိုင်ငံရေးအရ အကူးအပြောင်း (သို့) နိုင်ငံရေး အကူးအပြောင်းကာလများတွင် ရခိုင်နှင့် မွတ်ဆလင် လူ့အဖွဲ့အစည်း နှစ်ခုစလုံးအား နိုင်ငံရေးအရ အမြတ်ထုတ် အသုံးချလျက် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများဖန်တီးကာ ၄င်းတို့၏ အာဏာတည်မြဲရေးအတွက် သွေးခွဲအုပ်ချုပ်ရေးလမ်းစဉ်အား ကျင့်သုံးခဲ့ကြသည်ကို ရခိုင်ပြည်သူလူထုနှင့် ရခိုင်ပြည်ကိုယ်စားပြုပါတီများအနေဖြင့် အထူးသတိထားသင့်ပါသည်” ဟုလည်း ရေးသားဖော်ပြထားသည်။
၂၀၂၃ ရွေးကောက်ပွဲသည် မိမိတို့ ရခိုင်ပြည်သူများ ရင်ဆိုင်နေရသော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကျပ်အတည်းနှင့် လက်ရှိ ဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းပေးနိုင်မည် မဟုတ်သလို ရခိုင်ပြည်သူလူထုအတွက်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံရေး အဆင့်လောက်ကိုပင် အာမခံချက် ပေးနိုင်မည်မဟုတ်ဟုလည်း ဆိုထားသည်။
သို့သော်လည်း ရခိုင်ပြည်တွင် စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ထံတွင် ဦးသာထွန်းလှ ဦးဆောင်သည့် ရခိုင်အမျိုးသားပါတီ (ANP)၊ ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီ (RSNUP) နှင့် မြိုတိုင်းရင်းသားပါတီစသည့် ပါတီ (၅) ခုက မှတ်ပုံပြန်တင်ရန် လျှောက်ထားကြသည်။
ဌေးဌေးအောင်(နိရဥ္စရာ) – ပေးပို့သည်။