စစ်ကောင်စီ၏လေကြောင်းအန္တရာယ်ကြောင့် ကျောက်ကြီးမြို့နယ်ရှိ ကော်သူးလေစာသင်ကျောင်းများ ပိတ်ထားရ

0
427
ပုံစာ - ကျောက်ကြီးမြို့အတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ စာသင်ကျောင်းအများစုပိတ်ထား ရသည်။ (Photo – KPSN)

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကရင့်ပညာရေးနှင့် ယဉ်ကျေးမှုဌာန‑ KECD စီမံခန့်ခွဲမှုအောက်မှ စာသင်ကျောင်း အများစုသည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြောင့် ယာယီပိတ်ထားရပြီး နှစ်ပတ်ကျော် ကြာမြင့်သည်အထိ ပြန်မဖွင့်နိုင်သေးကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့်ဩဂုတ် လကုန်ပိုင်းမှစပြီး စစ်ကောင်စီ၏ လေကြောင်းပျံဝဲမှုများ နေ့စဉ်ရှိလာသဖြင့် ကော်သူးလေ စာသင်ကျောင်းများကို ပိတ်ထားရသည့်အပြင် စက်တင်ဘာ ၅ ရက်နေ့ကလည်း ကျောင်းသားဦးရေ ၃၀၀ ခန့် ရှိသည့် လော်မူသောနှင့် လော်မူပယ်ကျေးရွာ စာသင်ကျောင်းနေရာများအား စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့သဖြင့် ကျောင်းပြန်မဖွင့်နိုင်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက “ကျောက်ကြီးထဲက ကရင်စာသင်ကျောင်းတွေ အကုန်နီးပါးပဲ ပိတ်ထားရတယ်။ ကရင်တွေများတဲ့ စာသင်ကျောင်းတွေကို စစ်တပ်က အဓိကပစ်မှတ် လာထားမှာ စိုးလို့လေ။ စာတော့မသင်ပေမဲ့ တစ်နေရာမှာတော့ အတန်းကြီးရော၊ အတန်းငယ်တွေအတွက် စာမေးပွဲ စစ်ပေးနေတာ ရှိပါတယ်။ ဒီနေ့အထိ လေယာဉ်ကနေ့တိုင်းဝဲ ဒရုန်းတွေရောပဲ” ဟု ပြောသည်။

ထို့အပြင် မြို့နယ်အတွင်း ဆက်ဖွင့်ထားဆဲဖြစ်သည့် စာသင်ကျောင်း အနည်းစုမှာလည်း လေကြောင်း အန္တရာယ်ကြောင့် ဖွင့်လိုက်၊ ပိတ်လိုက် အနေအထားဖြင့် ရုန်းကန်နေရသလို တချို့မှာလည်း လူသူမသိသော နေရာများတွင် ပညာသင်ပေးနေရသော အခြေအနေ ဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

“ကလေးတွေပညာရေးနဲ့ အဆက်မပြတ်အောင်တော့ မထင်မရှားနေရာလေးတွေမှာ စာသင်ပေးနေတာတော့ ရှိတယ်။ တချို့ဖွင့်တဲ့ တစ်ကျောင်းနှစ်ကျောင်းကလည်း လေယာဉ်လာရင် ပိတ်လိုက်၊ပြေးလိုက် ပြီးရင် ပြန်ဖွင့်လိုက်ပဲ။ အခြေအနေမကောင်းဘူးဆိုပြီး သတင်းပို့လာရင် ပိတ်ပေါ့” ဟု ၎င်းက ဆိုသည်။

ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်အစိုးရလက်အောင် ပညာသင်ကျောင်းများသည်လည်း တိုက်ပွဲနှင့် ပစ်ခတ်မှုများကြောင့် ပိတ်ထားရသည်မှာ နှစ်ချီကြာမြင့်နေပြီး ပညာရေးနှောင့်နှေးမှု မရှိစေရန် စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမတချို့မှ ကိုယ်ထူကိုယ်ထ ပညာရေးအနေဖြင့် သင်ပြပေးနေရကြောင်း မြို့ခံများ၏ပြောပြမှုအရ သိရသည်။

ဩဂုတ်လ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့သော သစ်ချဆိပ်စခန်း တိုက်ပွဲနောက်ပိုင်း စစ်ကောင်စီမှ ကျောက်ကြီးနှင့် မုန်းမြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာသည့်အပြင် လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုရှိပြီး နေအိမ်ပျက်စီးခြင်းအပြင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေလည်း ပိုမိုများပြားလာခဲ့သည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့က KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ မူတြော်ခရိုင် အတွင်းရှိ မြို့နယ်များမှ နေအိမ်များ၊ စာသင်ကျောင်းနှင့် ဘာသာရေး အဆောက်အဦးများအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကျောင်းဆရာ ၁ ဦး၊ ကျောင်းသား ၅ ဦး သေဆုံးခဲ့ပြီး လူ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ယင်းကဲ့သို့ ကေအဲန်ယူအုပ်ချုပ်မှု နယ်မြေအတွင်းရှိ စာသင်ကျောင်းများကိုပါ ပစ်မှတ်ထား တိုက်ခိုက် လာသည့် စစ်ကောင်စီအား ကုလသမဂ္ဂအပါအဝင် အာဆီယံနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ထိရောက်ပြီး လက်တွေ့ကျသည့် နည်းလမ်းများဖြင့် ပိတ်ဆို့အရေးယူပေးရန် စက်တင်ဘာလ ၁၁ ရက် နေ့စွဲဖြင့် KNU က တောင်းဆိုထားသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here