စစ်ကောင်စီကဦးဆောင်ပြီး နေပြည်တော်တွင် ကျင်းပပြုလုပ်နေသည့် ငြိမ်းချမ်းရေးဖိုရမ် – ၂၀၂၅ သို့ တက်ရောက်လာသည့် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF နှင့် အခြားအဖွဲ့များ လက်နက်ကိုင်လမ်းစဥ်ကိုစွန့်လွှတ်ပြီး ပါတီနိုင်ငံရေးနှင့် ရွေးကောက်ပွဲ လမ်းကြောင်းမှတဆင့် နိုင်ငံရေးပြဿနာဖြေရှင်းကြရန် ဖိတ်ခေါ်ပြောဆိုသည်။
အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ စစ်ကောင်စီက အသိမှတ်ပြုထားသော နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ တရုတ်အထူးကိုယ်စားလှယ်အပါအဝင် နိုင်ငံခြားသံတမာန်အဖွဲ့ပါသည့် “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာသောနိုင်ငံတော်ဆီသို့” ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးဖိုရမ်ကို ဇွန်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပနေခြင်းဖြစ်သည်။
စစ်ကောင်စီဥက္ကဌမင်းအောင်လှိုင်က “တိုင်းရင်းသားလက်နက်ကိုင်နဲ့ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တွေအနေနဲ့ လက်နက်ကိုင်လမ်းစဥ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲ လမ်းကြောင်းတွေကတဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ အကြိမ်ကြိမ် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပြီးပါပြီ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အမြဲတမ်း ကြိုဆိုလမ်းဖွင့်ထားပါတယ်” ဟု ငြိမ်းချမ်းရေးဖိုရမ်တွင် ပြောဆိုသည်။
ယခုပြုလုပ်လျက်ရှိသည့် ဖိုရမ်၌ ငြိမ်းချမ်းရေးကိစ္စအပြင် ရွေးကောက်ပွဲအခင်းအကျင်းနှင့် ရွေးကောက်ပွဲအလွန် နိုင်ငံရေးကဏ္ဍကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း တက်ရောက်လာသူတချို့၏ ပြောကြားချက်ကို ကိုးကားဖော်ပြသည့် စစ်ကောင်စီထိန်းချူပ်သောမီဒီယာများ ဖော်ပြချက်အရ သိရသည်။
ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလပိုင်းအထိ အပိုင်းလိုက်ခွဲ၍ စစ်ကောင်စီက ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်ပေါင်း ၂၆၇ မြို့နယ်တွင် ပြုလုပ်ရန်ရှိသည်ဟု ရွေးကောက်ပွဲကော်မရှင်ဘက်က ပြောဆိုထားသည်။
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များကို လေ့လာစောင့်ကြည့်နေသည့် Myanmar Peace Monitor – MPM ၏ မှတ်တမ်းများအရ ယခု ၂၀၂၅ ခုနှစ်အထိ တစ်နိုင်ငံလုံး မြို့နယ် ၉၇ ခုကို တော်လှန်ရေးအင်အားစုများဘက်က သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည်။
မြို့နယ်ပေါင်း ၂၃၃ ခု ထက်မနည်းတွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟုလည်း ISP-Myanmar က မှတ်တမ်းဖော်ပြသည်။
လက်ရှိအချိန်ထိ တိုက်ပွဲများပြင်းထန်လျက်ရှိသော မြန်မာပြည်တောင်ပိုင်းအခြေစိုက် KNU – ကရင်အမျိုးသား အစည်းအရုံးကမူ မိမိတို့နယ်မြေ၌ ရွေးကောက်ပွဲလုပ်ခွင့်မပြုဟု အတိအလင်း သဘောထားထုတ်ပြန်ပြီးဖြစ်သလို တော်လှန်ရေး၊ နိုင်ငံရေးအင်အားစု အများအပြားကလည်း စစ်ကောင်စီ၏ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်မခံဟု အသီးသီးတုံ့ပြန်ထားကြသည်။
ယခုပြုလုပ်နေသည့် ငြိမ်းချမ်းရေးဖိုရမ်၌လည်း စစ်ကောင်စီဆန့်ကျင်အဖွဲ့များ ပါဝင်ကြခြင်းမရှိပါ။
တဖက်တွင်လည်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်များအရ ဇွန်လအကုန်အထိ အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီက တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေများတွင် စစ်ကြောင်းထိုး၊ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ISP-Myanmar ၏ မေလ ၁၂ ရက်နေ့က အစီရင်ခံစာတွင်လည်း အပစ်ရပ်ကာလအတွင်း စစ်တပ်က နိုင်ငံအနှံ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၇၄၁ ကြိမ်ထက်မနည်းရှိခဲ့သည်ဟု ဆိုသည်။
သို့သော် ငြိမ်းချမ်းရေးဖိုရမ်တက်လာသည့် စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်က “လက်နက်ကိုင်လမ်းစဥ်နဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် နိုင်ငံတော်မှာ ဆုံးရှုံးနစ်နာမှုတွေကိုထောက်ရှုပြီး ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်ရေးကို ပြည်သူတွေနဲ့အတူ လက်တွဲလုပ်ဆောင်ဖို့လိုတယ်” ဟု တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများကို ရည်ညွှန်းပြောဆိုသည်။
ရွေးကောက်ပွဲမတိုင်မီ ပြုလုပ်သည့် ငြိမ်းချမ်းရေးဖိုရမ် – ၂၀၂၅ သည် မတ်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ နေပြည်တော်၌ ပြုလုပ်သွားသော ငြိမ်းချမ်းရေးစကားဝိုင်း (Peace Talk) – ၂၀၂၅ ပြီးနောက် ဆက်လက်ကျင်းပခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သည့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် စစ်ကောင်စီက NCA အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိတ်ခေါ်တက်ရောက်စေခဲ့ပြီး နိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့် ပဋိပက္ခများလျှော့ချနိုင်ရေးကို ဆွေးနွေးခဲ့ကြသည်ဟု တက်ရောက်ခဲ့သူများက ပြောဆိုသည်။
KIC ပေးပို့သည်။