မကွေးတိုင်း၊ ရေစကြိုမြို့နယ်က စစ်ကောင်စီအထိုင်စခန်းတွေဖြစ်တဲ့ ရုံးပေါင်းစုံ (ထွေအုပ်ရုံးတပ်စခန်း) နှင့် ငြိမ်းဇာနည် (စစ်မှုထမ်းဟောင်းရုံး) တို့ကို PDF တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် ရေစကြိုမြို့ပေါ်မှာ လုံခြုံရေး တင်းကြပ်ထားပြီး စစ်ကောင်စီတပ်သားတွေက ကင်းပတ်တာတွေ လုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီအထိုင်တပ်စခန်းတွေကို ဇန်နဝါရီလ ၁၇ ရက်နေ့က PDF တွေက ဝင်ရောက် စီးနင်းတိုက်ခိုက် ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Myingyan Black Tiger အဖွဲ့က ပြောဆိုသည်။
ထိုစီးနင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ကို အပြင်းအထန်ဖိအားပေး တိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီဘက်က စစ်ကူတွေ ရောက်ရှိလာတာကြောင့် စခန်းမသိမ်းပိုက်နိုင်ခဲ့ကြောင်း MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောဆိုသည်။
“ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားခဲ့တယ်။ မသိမ်းနိုင်ခဲ့ပေမယ့် တစ်မြို့လုံးကိုတော့ အကောင်းဆုံး ထိန်းထားနိုင်ခဲ့တယ်။ ထပ်ပြီးတော့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ပြည်သူတွေ စိတ်ဓာတ်မကျပါနဲ့လို့ ပြောချင်တယ်” လို့ ဗိုလ်မိုက်ခဲက ဆိုသည်။
ကာကွယ်ရေးတပ်ဖွဲ့တွေက နည်းမျိုးစုံသုံးပြီး ဖိအားပေး တိုက်ခိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီဘက်က နှစ်ဘက်ညှပ်ပုံစံဖြင့် ခုခံခဲ့သလို ခံစစ်ခိုင်မာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်တယ်လို့ ၎င်းက ဆက်ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီစစ်ကြောင်းမှူးနှင့် ထိန်းသိမ်းရေးခေါင်းဆောင်အပါအဝင် ရဲဘော် ၃၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရသည်။
စစ်ကောင်စီရဲ့စုပေါင်းရုံး တိုက်ခိုက်မှုကို MBT၊ LY- PDF၊ ဗိုလ်ခြောက်ဆယ်၊ Bright Stars Group (LPDF)၊ Royal Eagle People Defence Force၊ ဗိုလ်ခြောက်ဆယ် ပြောက်ကြားတပ်၊ N-YSO ၊ ရွှေညာမြေ အထူးကွန်မန်တို တပ်ဖွဲ့၊ TPG ပြောက်ကြားတပ်ဖွဲ့နှင့် သွေးသောက်တပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။