စစ်ကောင်စီသြဇာခံ ပြည်သူ့စစ်စခန်းကို စီးနင်းတိုက်ခိုက် ခေါင်းဆောင်အပါအဝင် ၃ ဦး သေဆုံး

0
298
ပုံစာ - ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးရမိသည့်လက်နက်များ (Photo -ကော့သောင်း PDF)

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် ရေငန်းချိုင်ကျေးရွာရှိ စစ်ကောင်စီသြဇာခံ ပြည်သူ့စစ် စခန်းငယ်တစ်ခုကို စီးနင်းတိုက်ခိုက်ရာတွင် ကျေးရွာပြည်သူ့စစ်ခေါင်းဆောင် အပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း ကော့သောင်းမြို့နယ် (ပဖက) တာဝန်ရှိသူက ပြောသည်။

အဆိုပါပြည်သူ့စစ်စခန်းကို ဇွန် ၂၂ ရက် နံနက် ၁ နာရီခန့်တွင် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က အလစ်ငိုက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ကျေးရွာပြည်သူ့စစ်ခေါင်းဆောင် ဦးစိန်၊ အဖွဲ့ဝင် ဦးစိန်သန်းနှင့် ဦးသန့်ဇင်တို့ ၃ ဦး သေဆုံးပြီး ထိုစခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ပြည်သူ့စစ်စခန်းအား ဝင်ရောက်စီးနင်းစဉ် လက်လုပ်သေနတ်များအပါအဝင် သေနတ် ၈ လက် သိမ်းဆည်း ရမိခဲ့ပြီး စိတ်ကြွရူးသွပ်ဆေးပြား အပြား ၇၀ ကျော်ကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသည်။

ရေငန်းချိုင်ကျေးရွာ ပြည်သူ့စစ်များသည် စစ်ကောင်စီ၏ လက်ရုံးများဖြစ်လာခြင်းကြောင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကော့သောင်းမြို့နယ် (ပဖက) တာဝန်ရှိသူက ပြောသည်။

စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ရောက်ရှိလာပြီး အလောင်းများကို ကော့သောင်းစစ်ဆေးရုံသို့ ပို့ဆောင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၆ ရက် ကလည်း ကော့သောင်းမြို့နယ်၊ ဆိတ်ဖူးကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင် ၂ ဦးကို တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ပစ်ခတ်ရှင်းလင်းခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here