စစ်ကောင်စီလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် စစ်တွေနှင့် ဘူးသီးတောင်အကျဉ်းထောင်မှ ၁၄၇ ဦး လွတ်မြောက်

0
264

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်အကျဉ်းထောင်နှင့် စစ်တွေမြို့ အကျဉ်းထောင်မှ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား ၁၄၇ ဦး လွတ်မြောက် လာကြောင်း သိရှိရသည်။

ဇန်နဝါရီ ၄ ရက်နေ့ နံနက် ၉ နာရီတွင် ဘူးသီးတောင်အကျဉ်းထောင်တွင် ထောင်ချခံထားရသည့် အကျဉ်းသား ၄၉ ဦး လွတ်မြောက်လာသည်ဟု ဘူးသီးတောင်ဒေသခံတစ်ဦးက ပြောသည်။

“၉ နာရီလောက်ကနေ ၄၉ ယောက် လွတ်ပါတယ်။ မွတ်စလင်ရော ရခိုင်တွေရောပါတယ်။ အကျဉ်းသူ အမျိုးသမီးတွေတော့ မပါဘူး” ဟု အဆိုပါဒေသခံက ပြောသည်။

အလားတူ စစ်တွေအကျဉ်းထောင်မှ ယနေ့ (ဇန်နဝါရီ ၄ ရက်နေ့ ) နေ့လည် ၁ နာရီခန့်က အကျဉ်းသား၊ အကျဉ်းသူ ၉၈ ဦး လွတ်မြောက်လာသည်ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

“အကျဉ်းသားက ၈၀နဲ့ အကျဉ်းသူက ၁၈ ယောက် ပါတယ်။ အဓိက က ဒုစရိုက်မှုတွေနဲ့ တရားစွဲခံထားရတဲ့ သူတွေပဲ လွတ်တာများပါတယ်” ဟု ၎င်းက ပြောသည်။

အကြမ်းဖက် စစ်ကောင်စီက ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦး နှင့် နိုင်ငံခြားသား အကျဉ်းသား၊အကျဉ်းသူ ၁၁၄ ဦး ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း ဇန်နဝါရီ ၄ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ထားသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here