စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အချက် ၄ ချက်ဖြင့် နိုင်ငံတကာကို NUG နှင့် IEC ပူးတွဲ တောင်းဆို

0
348
ပုံစာ - လေကြောင်းတိုက်ခိုက်မှုကြောင့် အပျက်စီးအများမြင်ကွင်း (Photo- CJ)

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) နှင့် ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) တို့က ဒီးမော့ဆိုမြို့နယ် စာသင်ကျောင်းများ ပစ်မှတ်ထားတိုက်ခိုက်ခံရပြီးနောက် အွန်လိုင်းမှတဆင့်ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ နိုင်ငံတကာသို့ အချက် ၄ ချက်ဖြင့် တောင်းဆိုလိုက်သည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့က ပြုလုပ်သည့် NUG နှင့် IEC တို့၏ အဆိုပါအွန်လိုင်း ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီသို့ လေယာဥ်ဆီ တင်ပို့ရောင်းချနေခြင်းအားရပ်တန့်ရေး နိုင်ငံတကာအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် အပါအဝင် အချက် ၄ ချက်ကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းက “လေယာဥ်ဆီကိစ္စဆိုရင် ကျနော်တို့တောင်းဆိုနေတာကြာပြီ။ ဥရောပသမဂ္ဂလိုမျိုး၊ ကိုရီးယားနိုင်ငံတို့လိုမျိုးကတော့ ဒါတွေလုပ်ဆောင် နေတယ်။ ဒါပေမဲ့ ယိုပေါက်တွေကရှိနေတုန်းပဲ။ ပိတ်တဲ့သူကပိတ် ခိုးရောင်းတဲ့သူက ခိုးရောင်းရှိနေတာကြောင့် မအောင်မြင်သေးတဲ့အတွက် ကျနော်တို့တောင်းဆိုတာဖြစ်တယ်။ ဘယ်နိုင်ငံကပို့တာပဲဖြစ်ဖြစ် အဓိကက စစ်ကောင်စီလက်ထဲကို လေယာဥ်ဆီမရောက်ရှိစေဖို့ပါ ” ဟု ထိုသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

ကျန်အချက်များတွင် အရပ်သားပြည်သူနေရာများ ပစ်ခတ်တိုက်ခိုက်ခံနေရခြင်းမှ တားဆီးကာကွယ်ရန်အတွက် လေယာဥ်မပျံသန်းရဇုန် သတ်မှတ်ပေးရန်၊ စစ်ကောင်စီကျူးလွန်သော ရာဇဝတ်မှုများအတွက် အပြစ်ပေး အရေးယူနိုင်ရေး နိုင်ငံတကာတရားရုံးတွင် တင်သွင်းတရားစွဲဆိုနိုင်ရန်၊ ပြည်သူလူထုလုံခြုံရေးအတွက် လေယာဥ် အချက်ပေးစနစ်များ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းပညာအကူအညီများပေးရန်တို့ ပါဝင်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့က ကရင်နီ (ကယား) ပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါဆီးအီနှင့် လွိုင်နန်းဖကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီကလေကြောင်းနှင့် လက်နက်ကြီးသုံး တိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များ ထိခိုက်သေဆုံးခဲ့ရသည့် ဖြစ်စဥ်နှင့် စပ်လျဥ်းပြီး NUG အနေဖြင့် ပဋိပက္ခနယ်မြေအတွင်းရှိ စာသင်ကျောင်းများတွင် ဗုံးခိုကျင်းများ စီစဥ်ဆောက်လုပ်ပေးနေသော်လည်း စစ်ကောင်စီ၏ ရာဇဝတ်မှုကျုးလွန်နေမှုကို တားဆီးရန်မှာ နိုင်ငံတကာ၏ အရေးယူမှုဖြင့်သာ ထိရောက်မှုရှိမည်ဖြစ်ကြောင်း ဝန်ကြီးဦးအောင်မျိုးမင်းက ဆက်ပြောသည်။

“ဒီလိုပစ်ခတ်ခြင်းက ကလေးတွေကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေတဲ့အပြင် ကျောင်းဆိုတာက အိပ်မက်ဆိုး မက်စရာ ဖြစ်လာမယ်ဆိုရင် အနာဂတ်မျိုးဆက်တွေလည်း ပျက်စီးသွားမှာဖြစ်တယ်။ နိုင်ငံတကာက စိုးရိမ်ပါတယ် ဆိုတာထက် ဟန်ချက်ညီတဲ့ အရေးယူမှုလုပ်ဖို့ လိုအပ်တယ်။ အရေးယူမှု နှောင့်နှေးနေခြင်းက ရာဇဝတ်မှုတွေ ပိုလုပ်ဖို့ ဖြစ်တယ်ဆိုတာ သဘောပေါက်ဖို့လည်း လိုအပ်ပါတယ်” ၎င်းက ဆိုသည်။

လက်ရှိတွင် စာသင်ကျောင်းများအား အဆောက်အဦးကြီးများအစား ထင်ထင်ပေါ်ပေါ် မရှိသော နေရာများ အသုံးပြုကာ ပညာသင်ကြားပေးနေခြင်းဖြစ်သလို ကျောင်းနေရာတိုင်းတွင် ဗုံးခိုကျင်းများ ဆောက်လုပ်ပေးခြင်း၊ ကလေးငယ်များနှင့် ဆရာ၊ဆရာမများအား လေကြောင်းရန် ကာကွယ်ခြင်းအတွက် နည်းပညာအရ သော်လည်းကောင်း၊ ငွေကြေးအရသော်လည်းကောင်း လိုအပ်ချက်ရှိသေးကြောင်း IEC အတွင်းရေးမှူး(၂) ဦးဗညားခွန်အောင်က ပြောပါသည်။

“ကျောင်းတွေမှာ တူးမြောင်းတွေတူးမယ်၊ ဗုံးခိုကျင်းတွေတူးမယ် ဆိုတာတွေအတွက် ကုန်ကျစရိတ်ရှိတယ်။ ပထမတကြိမ် နှစ်ကြိမ်လောက်က တတ်သိပညာရှင်တွေနဲ့ပို့ချတဲ့ လေကြောင်းရန် ကာကွယ်ရေးသင်တန်းပေါ့။ နောက်ပိုင်းကျရင် တလတကြိမ် ပုံမှန်လုပ်နိုင်အောင် လုပ်သွားဖို့လိုတယ်။ လူထုတွေ လေယာဥ်တက်လာတာ သိစေဖို့ ဆက်သွယ်ရေးပစ္စည်းတွေ တပ်ထားတာြဖစ်ဖြစ်ပေါ့၊ ကြိုတင်ကာကွယ်တာတွေ လုပ်နိုင်မှာပါ။ ဒီအပိုင်း အတွက်ကတော့ နည်းပညာအရပဲဖြစ်ဖြစ် ငွေကြေးအရပဲဖြစ်ဖြစ် လိုအပ်ချက်ရှိမယ်။” ၎င်းက ဆိုသည်။

စစ်အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့ အထိ စစ်ကောင်စီက နည်းမျိုးစုံဖြင့် ဖျက်ဆီးခဲ့သဖြင့် တစ်နိုင်ငံလုံးမှ စာသင်ကျောင်းပေါင်း ၂၀၀ နီးပါး ပျက်စီးခဲ့ရပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် ၆၃၀ ဦးသည် စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့ရကြောင်း NUG ၏ မှတ်တမ်းများအရ သိရသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here