7 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းစစ်ကောင်စီလမ်းညွှန်ချက်နှင့် မလွှတ်ကင်းသည့် ဘုရားသုံးဆူမြို့ရှိ ငြိမ်းချမ်းရေးဆုတောင်းပွဲ ဒေသခံများကန့်ကွက်သဖြင့် ခွင့်ပြုချက်မရဘဲ ပွဲပျက်

စစ်ကောင်စီလမ်းညွှန်ချက်နှင့် မလွှတ်ကင်းသည့် ဘုရားသုံးဆူမြို့ရှိ ငြိမ်းချမ်းရေးဆုတောင်းပွဲ ဒေသခံများကန့်ကွက်သဖြင့် ခွင့်ပြုချက်မရဘဲ ပွဲပျက်

ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် စီမံအုပ်ချုပ်နယ်မြေ ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့တွင် ကရင်ပြည်နယ်အတွင်းရှိ မျိုးချစ် ရဟန်းသံဃာတော်များ ဦးဆောင်ကျင်းပမည့် ငြိမ်းချမ်းရေးဆုတောင်းပွဲကို စစ်ကောင်စီလမ်းညွှန်ချက်နှင့် မလွှတ်ကင်း၍ ဒေသခံများက ကန့်ကွက်သည့်အတွက် ခွင့်ပြုချက်မရ ပွဲပျက်သွားခဲ့သည်။

အဆိုပါ ငြိမ်းချမ်းရေးဆုတောင်းပွဲကို ယနေ့ ဇူလိုင် ၆ ရက်တွင် ဘုရားသုံးဆူမြို့ရှိ ဓမ္မဟေဝန်ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ရန် ကရင်ပြည်နယ်အတွင်းရှိ မျိုးချစ် ရဟန်းသံဃာတော်များက စီစဉ်ထားခြင်းဖြစ်သည်။

ထိုငြိမ်းချမ်းရေးဆုတောင်းပွဲကို ပြုလုပ်ရန် ကရင်ပြည်နယ်အတွင်းရှိ နာမည်ကြီး ရဟန်းသံဃာတော်တချို့အပါအဝင် ဇွန်လကုန်ပိုင်းက စစ်ကောင်စီ ဦးဆောင်ပြုလုပ်သည့် ငြိမ်းချမ်းရေးဖိုရမ်ပွဲသို့ တက်ရောက်ခဲ့သည့် လူပုဂ္ဂိုလ်များ ဘုရားသုံးဆူသို့လာရောက်စဉ် ခွင့်ပြုချက်မရ၍ ကြာအင်းဆိပ်ကြီးမြို့မှ ပြန်လှည့်လာခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ဆုတောင်းပွဲသည် စစ်ကောင်စီ ညွှန်ကြားချက်နှင့် မလွှတ်ကင်းသည့်အတွက် ဒေသခံများက ကန့်ကွက်နေသလို ရဟန်းသံဃာအမည်ခံကာ ငြိမ်းချမ်းရေးဆုတောင်းပွဲမှတစ်ဆင့် မလိုလားအပ်သည့် ပြဿနာများ ဖြစ်လာနိုင်၍ ခွင့်မပြုခြင်းဖြစ်သည်ဟု ဘုရားသုံးဆူမြို့ တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

“ဒီပွဲကို ဘယ်သူလမ်းညွှန်ချက်နဲ့ ဘယ်သူဦးဆောင်ပြီးတော့ လုပ်ဖို့ပြင်နေလဲဆိုတာ နာမည်တပ်မပြောချင်ဘူး။ ဒီပွဲက စစ်ကောင်စီကျင်းပတဲ့ နေပြည်တော် ငြိမ်းချမ်းရေးဖိုရမ်အဆက်လို့ ပြောလို့ရတယ်။ ဘုရားသုံးဆူမြို့က အခု ငြိမ်းငြိမ်းချမ်းချမ်းရှိတယ်ဆိုပြီး သူတို့ပြချင်တာလည်းပါတယ်။ ဒါပေမယ့် ဒီမှာလက်နက်ကိုင် အဖွဲ့ပေါင်းစုံရှိတယ်၊ ဒီလိုကာလမှာ ဒီလိုပွဲလုပ်ရင် မလိုလားအပ်တဲ့ပြဿနာအများကြီး ဖြစ်လာနိုင်တယ်။ ဒါကြောင့် အားလုံးတိုင်ပင်ပြီး ခွင့်မပြုသင့်ဘူးလို့ ဆုံးဖြတ်လိုက်ကြတာ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီသည် ၎င်းတို့၏ အာဏာတည်မြဲရေးနှင့် အကျိုးစီးပွားကို ထောက်ခံအားပေးရန်အတွက် လူမျိုးရေးနှင့် ဘာသာရေးကို အသုံးပြုနေသည်ဟု ဇူလိုင် ၅ ရက်နေ့တွင်ကျရောက်သည့် ၇၆ နှစ်မြောက် ကရင်အမျိုးသားတပ်မတော်နေ့သို့ ပေးပို့သည့် ကေအဲန်ယူ၊ ဥက္ကဌပဒိုကွယ်ထူးဝင်း၏ သဝဏ်လွှာ၌ ထောက်ပြထားသည်။

ပြီးခဲ့သည့် ဇွန် ၂၅ ရက်မှ ၂၇ ရက်ထိ စစ်ကောင်စီက နေပြည်တော်တွင် ငြိမ်းချမ်းရေးဖိုရမ်ပြုလုပ်ခဲ့ပြီး အဆိုပါဖိုရမ်သို့ ကရင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၊ စစ်ကောင်စီနှင့် ဆက်ဆံရေးရှိသည့် လက်နက်ကိုင်အဖွဲ့ဝင်များ၊ ယခင် ကေအဲန်ယူ၏ ခရိုင်ဥက္ကဌဟောင်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်ဟု သတင်းထုတ်ပြန်ချက်များ၌ ဖော်ပြထားသည်။

လက်ရှိ ဘုရားသုံးဆူမြို့ကို ကေအဲန်ယူ၊ တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်က အုပ်ချုပ်ရေးပိုင်းတာဝန်ယူထားပြီး မြို့ လုံခြုံရေးအတွက် ဒီမိုကရေစီအကျိုးပြု့ ကရင်တပ်မတော် – DKBA က တာဝန်ယူလုပ်ဆောင်နေခြင်းဖြစ်သည်။

ကေအိုင်စီ