စစ်ကောင်စီလက်အောက်ခံ တပ်မတော်သားတွေကို ဘက်ပြောင်းလာဖို့ ထပ်လောင်းတိုက်တွန်းဖိတ်ခေါ်

0
258

စစ်ကောင်စီလက်အောက်ခံ တပ်မတော်သားအားလုံးအနေနဲ့ ပြည်သူဘက်နဲ့ ပြည်သူ့အစိုးရဘက်ကို ဘက်ပြောင်းလာကြဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ဒု – ဥက္ကဌလည်းဖြစ် ဘက်ပြောင်းရေးအစီအမံ စီမံကြီးကြပ်ရေးလုပ်ငန်းကော်မတီ တာဝန်ခံဖြစ်သူခွန်းဘီထူးက ထပ်လောင်း တိုက်တွန်းဖိတ်ခေါ်ထားသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC ) က ဘက်ပြောင်းရေးအစီအမံ စီမံကြီးကြပ်ရေး လုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းလိုက်ကြောင်း ဒီဇင်ဘာလ ၁၁ ရက်နေ့က အသိပေးထုတ်ပြန်သည်။

“တပ်မတော်သားများအနေနဲ့ ဘက်ပြောင်းဖို့၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ CDM လုပ်ကြဖို့ အထူးတလည် တိုက်တွန်း ဖိတ်ခေါ်လိုပါတယ်။ အထူးသဖြင့် ကရင်နီပြည်မှာရှိနေတဲ့ စွန့်ခွာနေရတဲ့ တပ်မတော်သားတွေ ဝိုင်းခံနေရတဲ့ Non – CDM တွေ ဒီသတင်းစကားကိုကြားရင် ဘက်ပြောင်းနိုင်ဖို့ကို အထူးတလည် တိုက်တွန်း လိုပါတယ်” လို့ ဘက်ပြောင်းရေးအစီမံ စီမံကြီးကြပ်ရေးလုပ်ငန်းကော်မတီ တာဝန်ခံခွန်းဘီထူးက ပြောသည်။

ဘက်ပြောင်းရေးအစီအစဉ်ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နှင့် ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစုတွေက ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်တာဖြစ်ပြီး၊ NUG, NUCC နဲ့ ဥပဒေကြောင်းအရ ညှိနှိုင်းရန်လိုအပ်သည့် ဘယ်အဖွဲ့အစည်းမဆို ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC ) က ဒီဇင်ဘာလ ၁၁ ရက်နေ့ အသိပေးထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

စစ်သားအများစုဟာ ပြည်သူကနေ ပေါက်ဖွားလာတဲ့ ပြည်သူ့စစ်သားတွေ ဖြစ်တာကြောင့် ပြည်သူတွေကို အသက်‌ပေးကာကွယ်ပေးဖို့ တာဝန်ယူစိတ်ရှိတဲ့အနေနဲ့ ကိုယ့်အသက်အပြင် ကိုယ့်ပြည်သူတွေကို ကာကွယ်ပေးဖို့ အမြန်ဆုံး ပူးပေါင်းပါဝင်လာကြဖို့ ဘက်ပြောင်းရေးအစီမံ စီမံကြီးကြပ်ရေးလုပ်ငန်းကော်မတီ ညွှန်ကြားရေးမှူး ဖြစ်သူ တပ်မတော်အရာရှိဟောင်း ဦးနေမျိုးဇင်က ပြောသည်။

“ကိုယ့်ကိုယ်ကို စစ်သားလို့ ခံယူထားတယ်၊ ပြည်သူကိုကာကွယ်ဖို့ နေ့စဥ်သစ္စာဆိုထားတဲ့ သစ္စာစကားကို ကိုယ့်ဘာကိုယ် နားလည်တယ်ဆိုရင် ပြည်သူကိုကာကွယ်ဖို့ ဖွဲ့စည်းလည်ပတ်ထားတဲ့ ကျနော်တို့ဘက်ကို

ပြည်သူ့အစိုးရကိုလက်ကမ်းကြိုဆိုနေတဲ့ ကျနော်တို့ကို အမြန်ဆုံးဆက်သွယ် ကူးပြောင်းပြီး ပူးပေါင်းခြင်းအားဖြင့် ကိုယ့်အသက်ကယ် ကိုယ့်ဂုဏ်သိက္ခာနှစ်ခုစလုံးကို ကယ်တင်နိုင်လိမ့်မယ်လို့ ကျနော်ပြောချင်ပါတယ်” ဟု ဦးနေမျိုးဇင်က ဆိုသည်။

ဘက်ပြောင်းခြင်းဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်သည် တပ်မတော်သားများကနေပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အမိန့်နာခံမှုအောက်ကနေ ပြည်သူ့အစိုးရရဲ့ အုပ်ချုပ်မှုအောက်ကို နည်းမျိုးစုံနဲ့ ဘက်ပြောင်းပါဝင်လာခြင်းကို ဆိုလိုတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ကရင်နီပြည်နယ်အတွင်း တပ်စွဲတိုက်ပွဲဝင်နေသော ဘယ်တပ်မဆို ပြည်တွင်းနှင့် နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေတွေဖြစ်သည့် အရပ်သားပြည်သူတွေကို ပစ်မှတ်မထားဖို့၊ စစ်သုံ့ပန်းတွေကို အသက်ရှင်ခွင့်ပေးဖို့နှင့် တားမြစ်စစ်လက်နက်တွေ အသုံးမပြုဖို့ စသည့် စစ်ဥပဒေတွေကို ဘက်ပြောင်းလာသူ မည်သူမဆို လေးစားလိုက်နာသူတွေ ဖြစ်ရမယ်လို့လည်း ဆိုထားပါသည်။

ကန္တာရဝတီတိုင်း(မ်)-မှပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here