ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့ရှိ စိန်ပန်းဘုန်းကြီးကျောင်းအတွင်း တပ်စွဲနေထိုင်နေသော စစ်ကောင်စီတပ် ဒရုန်းဗုံးဖြင့်တိုက်ခိုက်ခံရစဉ် အနီးရှိစစ်တပ်ဂိတ်မှ လက်နက်ကြီးများ ပစ်ကူတိုက်ခိုက်ပေးရာမှ နတ်သံကွင်းဒေသခံ ၁ ဦး ထိမှန်သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
နိုဝင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းက နတ်သံကွင်းမြို့ ပြည်သူ့ဆေးရုံအနီးရှိ စိန်ပန်းဘုန်းကြီးကျောင်းအတွင်း တပ်စွဲနေထိုင်နေသော စစ်ကောင်စီတပ်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ရာတွင် နတ်သံကွင်းတံတားရှိ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများ ပစ်ကူတိုက်ခိုက်ပေးခြင်း ဖြစ်သည်။
ထိုသို့ စစ်ကောင်စီ ပစ်လိုက်သည့် လက်နက်ကြီးကျည်စ ထိမှန်သဖြင့် အမည်မသိရ ရွာသား ၁ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ရသလို နောက်ထပ်ရွာသား ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု နတ်သံကွင်းမြို့ခံတစ်ဦးက ယခုလိုပြောပြသည်။
“မနေ့ညနေ မိုးမချုပ်ခင်လေးကပဲဖြစ်တာ နတ်သံကွင်းဆေးရုံနားက ဘုန်းကြီးကျောင်းမှာ သူတို့တွေ (စစ်တပ်) ရှိတယ်လေ။ သူတို့ကို ဒရုန်းနဲ့ ဗုံးသီး ၂ လုံး လာပစ်ချတယ်။ ပြီးတာနဲ့ နတ်သံကွင်း တံတားဘက်ကနေ လက်နက်ကြီးနဲ့ ပြန်ပစ်တာ အထက်တန်းကျောင်းနားလောက်ဖြစ်မယ်၊ အဲ့ဘက်ကို ကျတယ်။ ပြီးတော့ လက်နက်ကြီးထိလို့ ရွာသားတစ်ယောက် ချက်ချင်းသေသွားတယ်၊ တစ်ယောက်ကတော့ ဒဏ်ရာရတယ် ထိတဲ့သူသေတဲ့သူက ကျားလားမလားတော့ မသိရသေးဘူး” ဟု ယင်းဒေသခံက ပြောသည်။
KNU-ကရင့်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၃) နယ်မြေ နတ်သံကွင်းမြို့နှင့်အနီးတွင် ယခုနှစ် ဇွန်လပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် မြို့အတွင်း စစ်တပ်က ခြေကုပ်ယူထားပြီး အစစ်အဆေးတင်းကြပ်ထားသည့်အတွက် ယနေ့အချိန်ထိ ဒေသခံအများစုမှာ နေရပ်ရွေ့ပြောင်းနေကြဆဲဖြစ်သည်ဟု လက်ရှိ နတ်သံကွင်းမြို့အတွင်း နေထိုင်သူများထံမှ သိရသည်။
ဒရုန်းဖြင့် ဗုံးပစ်ချခံရသဖြင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှု ရှိမရှိကို သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။
ယခုရက်ပိုင်းအတွင်း နတ်သံကွင်းနှင့် အနီးတစ်ဝိုက်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ပြန်လည်လှုပ်ရှားမှု ရှိလာသဖြင့် နယ်မြေစစ်ရေးတင်းမာနေပြီး တိုက်ပွဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံအချို့မှ ခန့်မှန်း ပြောဆိုနေကြသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့ကလည်း ကေအဲန်ယူနယ်မြေ ရွှေကျင် (ဆောထိ) မြို့နယ် ကျားချောင်းရွာအနီးရှိ စစ်တပ်အခြေစိုက်စခန်းတစ်ခုကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီထံမှ လက်နက်ခဲယမ်း အများအပြား သိမ်းယူနိုင်ခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့တွင်ပါဝင်သူ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) က သတင်းထုတ်ပြန်ထားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ တပ်မဟာ (၃) ၏ သတင်းနှင့်ပြန်ကြားရေးသို့ မေးမြန်းရာတွင် စခန်းသိမ်းဖြစ်စဉ်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မသိရှိရသေးကြောင်း ပြန်ဖြေကြားပါသည်။
ကေအိုင်စီ ပေးပို့သည်။