ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ်ဖတ်ကာစစ်တပ်ဂိတ်မှာ KIA တပ်သား ၄ ဦးနဲ့အတူ ဖမ်းဆီး ခံလိုက်ရသည့် ခရီးသည်တင် ယာဉ်မောင်းသမားတစ်ဦးကို မိသားစုနှင့် ၂ လ နီးပါးကြာသည့်အထိ အဆက်အသွယ်မရ ဖြစ်နေတယ်လို့ မိသားစုဝင်တွေက ပြောသည်။
ကွတ်ခိုင်မြို့ ရပ်ကွက် ၇ တွင် နေထိုင်သည့် ခရီးသည်တင်ယာဉ်မောင်း ဦးဇော်အောင်ဆိုသူသည် ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့တွင် နမ်ဖတ်ကာ စစ်တပ်ဂိတ်၌ ဖမ်းဆီးခံသွားရတာ ဖြစ်တယ်လို့ ဇနီးဖြစ်သူ ဒေါ်လဖိုင်ဂျာအိန်က အခုလို ပြောပြသည်။
“အခုချိန်ထိ ဘာသတင်းမှ မကြားတော့တာ။ သူက မူဆယ်နဲ့ကွတ်ခိုင်ကြား ကားဆွဲတဲ့အလုပ် လုပ်တယ်။ အဲ့နေ့က မူဆယ်ကနေ ဒီဘက်ကို ဆင်းလာဖို့လုပ်ချိန် ခရီးသည် မရှိတာကြောင့် အိမ်ကိုပဲ တန်းပြန်လာပြီး အိမ်အလုပ်ပဲ ပြန်လာလုပ်ဖို့ ဆင်းလာတာ။ အရင်လည်း သူက ခရီးသည်မရရင် အိမ်စောစောပြန်လာပြီး အလုပ်ပြန်လာလုပ်နေကျလေ။ အဲ့နေ့မှာတော့ အဲ့လိုပဲ အိမ်ကိုပြန်ဆင်းလာချိန် ဟိုမုန်းရွာရောက်တော့ ခရီးသည်ရှိလို့ ခေါ်တင်လာတာတဲ့။ သူခေါ်တင်လာတဲ့ ခရီးသည်တွေက ဘယ်လိုလူမျိုးလည်း မသိဘူးလေ။ သူ့သူငယ်ချင်း ကားသမားပြောတာတော့ ဆင်းလာချိန် နမ်ဖတ်ကာစစ်တပ်မှာ ရပ်ကျန်နေခဲ့ပြီဆိုတာပဲ။ အဲ့တာပဲ သိရပြီး စုံစမ်းမရတော့ဘူး” ဟု ပြောသည်။
စစ်ကောင်စီက ဖမ်းဆီးသွားသည့် ဦးဇော်ဂျာ (သို့) ဦးဇော်အောင်သည် အသက် ၄၂ နှစ် အရွယ် ကလေး ၃ ယောက်၏ ဖခင်ဖြစ်ပြီး မူဆယ်-ကွတ်ခိုင် အကြား ခရီးသည်တင်ပြေးဆွဲတဲ့ ယာဉ်မောင်းကားသမား ဖြစ်သည်။
ဦးဇော်အောင်ကို ဟိုမုန်းရွာက KIA တပ်သား ၄ ဦး တင်ဆောင်လာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက အခုလို ဖမ်းဆီးခံလိုက်ရတာက သတင်းပေးသူ ရှိတဲ့အတွက် ဖြစ်နိုင်တယ်လို့ နမ်ဖတ်ကာ ကျေးရွာခံတစ်ဦးက ပြောဆိုသည်။
ဦးဇော်အောင် ဖမ်းဆီးခံလိုက်ရသည့်နေ့က စပြီး မိသားစုဝင်များသည် ကွတ်ခိုင်စစ်တပ်စခန်း၊ ရဲစခန်း၊ နမ်ဖတ်ကာ စစ်တပ်များမှာ လိုက်လံစုံစမ်း ရှာဖွေခဲ့ပေမယ့် စစ်တပ်ဘက်က သတင်းတစုံတရာမှ မပေး၊ မပြောပြသောကြောင့် ယနေ့ထိ လုံး၀ အဆက်အသွယ်ပြတ်နေခြင်းဖြစ်တယ်လို့ ၎င်း၏ဇနီးဖြစ်သူ ပြောသည်။
နမ်ဖတ်ကာ စစ်တပ်ဂိတ်မှာ ယခုကဲ့သို့ KIA တပ်သားများနှင့် အတူ ပြည်သူတစ်ဦးပါ ဖမ်းဆီးခံရလိုက်ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသတွင်းလှုပ်ရှားနေသူ KIA ဘက် ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက အခုလို ပြောသည်။
“အဲ့နေ့က နမ်ဖတ်ကာဂိတ်မှာ ဖမ်းခံလိုက်ရတယ်ဆိုတဲ့ သူတွေက KIA က တပ်သားတွေ မဟုတ်ဘူး။ ဘာလိုဆို သူတို့က အထက်ကအမိန့်အတိုင်း လုပ်ငန်းလိုက်လုပ်နေတာ မဟုတ်ဘူး။ KIA ခေါင်းစဉ်နဲ့ သူတို့သဘောနဲ့သူတို့ သူတို့ ကိုယ်ကျိုးအတွက် အခွန်လိုက်ကောက်ဖို့လုပ်ရင်း ရှာစားတာ” ဟု ပြောသည်။
ဦးဇော်အောင်အား စစ်တပ်က ဖမ်းဆီးသွားတာနဲ့ ပတ်သက်ပြီး ကားသမားတစ်ဦးအနေနဲ့ သူတင်ဆောင်လာတဲ့ ခရီးသည်က မည်ကဲ့သို့သောသူ ဖြစ်စေကာမူ ကားသမားဟာ ပြည်သူတစ်ဦးဖြစ်တဲ့အတွက် သက်ဆိုင်ရာ တပ်စခန်းများမှ လွတ်ပေးစေချင်တယ်လို့ ဇနီးသည် ဒေါ်လဖိုင်ဂျာအိန်က ဆက်ပြောသည်။
“သူက ကားဆွဲ၊ကားမောင်းပြီး ကျမတို့သားအမိတွေကို ကျွေးမွေးနေတာ၊ ကားဆွဲတဲ့ အလုပ်ကလည်း ကျမနဲ့မယူခင် ကတည်းက သူလူငယ်ပေါက်စ အရွယ်ကတည်းက ဒီကြားမှာ ကားသမား လုပ်တယ်။ အမြန်စုံစမ်း ဆက်သွယ်ရရင် ပိုကောင်းမှာ၊ အခုက ကျမတို့သားအမိ တော်တော်ဒုက္ခရောက်နေတယ်၊ သူပဲ ရှာကျွေးနေတာ။ အခု ကျမက ကလေးငယ် ၃ ယောက်နဲ့ ယောက္ခမက အသက်ကြီးပြီ။ အခုသူအဲ့လို ဖြစ်သွားတော့ တော်တော် စိတ်ဆင်းရဲနေတယ်။ အမြန် စုံစမ်းရချင်တယ်” ဟု ဒေါ်လဖိုင်ဂျာအိန်က ပြောသည်။
ဦးဇော်အောင်တို့ ဖမ်းဆီးခံလိုက်ရပြီး နောက်ပိုင်း ၃ ရက် အကြာ မေ ၂၀ ရက်နေ့ တွင်လည်း ကွတ်ခိုင်မှ အမျိုးသားတစ်ဦးကို စစ်တပ်မှ လာရောက်ဖမ်းဆီးသွားတဲ့ ဖြစ်စဉ်ရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ ကလည်း ကွတ်ခိုင်မြို့ နမ့်ခိုင်စစ်တပ်ဂိတ်တွင် လူငယ် ၂ ဦး ဖမ်းဆီးခံရပြီး တစ်ဦးမှာ သာမန်ပြည်သူတစ်ဦး ဖြစ်သဖြင့် ပြန်လွတ်ပေးခဲ့သော်လည်း ကျန်တစ်ဦးက KIA တပ်သား ဖြစ်ကြောင်း ဖုန်းမှာပါရှိတဲ့ ဓါတ်ပုံ အထောက်အထားကြောင့် ဖမ်းဆီးခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။
ကွတ်ခိုင်နှင့် နမ်ဖတ်ကာ ကျေးရွာကြားတွင် စစ်ကောင်စီတပ် လှုပ်ရှားစောင့်ကြည့်မှုများ ပုံမှန်လုပ်ဆောင်နေပြီး KIA နှင့် PDF လူငယ်တချို့ မကြာခဏ ဖမ်းဆီးခံရမှုတွေ ရှိတယ်လို့ ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။
KNG ပေးပို့သည်။