ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ပြီးခဲ့သည့်မေလက စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည့် လိပ်သို-သံတောင်-တောင်ငူ လမ်းပိုင်း အသုံးပြုသွားလာသူ ဒေသခံအရပ်သားများအပါအဝင် အမျိုးသား ၁၁ ဦးအနက် ၇ ဦး သတ်ဖြတ်ခံလိုက်ရကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။
အဆိုပါလမ်းပိုင်းရှိ ထုံးဘိုကြီးရွာနားဝန်းကျင်တွင် တပ်ဖြန့်လုံခြုံရေးယူနေသော စစ်ကောင်စီတပ်က ထိုအမျိုးသား ၁၁ ဦးအား တော်လှန်ရေးတက်ကြွလှုပ်ရှားသည့်သံသယဖြင့် ထုံးဘိုကြီးတပ်စခန်းနှင့်အနီးတနေရာတွင် ဖမ်းဆီး ချုပ်နှောင်ထားခဲ့ပြီးနောက် ၂ ဦးကို ပြန်လွှတ်ကာ ၇ ဦးအား သတ်ပစ်လိုက်သည်ဟု ဆိုသည်။
လုံခြုံရေးအရအမည်မဖော်လိုသူ သတင်းရင်းမြစ်က “ထုံးဘိုကြီးစခန်းထဲမှာ ဖမ်းထည့်ထားတာတော့မဟုတ်ဘူး။ စခန်းအပြင်မှာပဲ ဖမ်းခံထားရတဲ့လူတွေကို လက်ပြန်ကြိုးတုပ်ပြီးထားတာ။ အဲဒီထဲက ၂ ယောက်ကိုတော့ ပြန်လွှတ်တယ်။ သူတို့လွှတ်တဲ့နေ့မှာပဲ ကျန်တဲ့ ၇ ယောက်အထိ ဖျောင်ပစ်လိုက်ပြီးပြီ။ ပထမဆုံးအသတ်ခံရတာ ၂ ယောက်၊ နောက် ၃ ယောက်။ နောက်နေ့ကျ ၂ ယောက်ထပ် အသတ်ခံရတယ်” ဟု ပြောသည်။
ထုံးဘိုကြီးရွာလမ်းနံဘေးတွင် စစ်ကောင်စီဖမ်းဆီးသွားသည့် ဒေသခံများအနက် အမျိုးသား ၂ ဦး၏ ရုပ်အလောင်းကို သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း လိပ်သိုနယ်ခံလမ်းသွားလမ်းလာတချို့ ပြောဆိုသည်။
ဖမ်းဆီးထိန်းသိမ်းခဲ့သူများအား စစ်ကောင်စီက မသတ်ခင် အကြမ်းဖက်နှိပ်စက်ခြင်း၊ စစ်ကြောင်းလှည့်ရာတွင် လိုက်ပါစေကာ လူသားဒိုင်းအနေဖြင့် ပြုလုပ်ခဲ့သည်ကို မျက်မြင်တွေ့ရှိခဲ့ရသည့် မြေပြင်သတင်းရင်းမြစ်က ပြောသည်။
“ပြီးခဲ့တဲ့ အင်္ဂါနေ့ (ဇွန်လ ၃ ရက်နေ့) ကတော့ နှစ်ယောက်ပြန်လွတ်လာပြီ။ သူတို့ခြေထောက်တွေ လက်တွေဆို ကြိုးနဲ့တုပ်ပြီး နှိပ်စက်ခံထားရတယ်။ ဖမ်းထားတုန်းကလည်း သူတို့စစ်တပ်နဲ့ လိုက်ခိုင်းတာရှိတယ်။ လူသားဒိုင်းလို လုပ်တဲ့သဘောပေါ့” ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီတပ်က တော်လှန်ရေးတက်ကြွလှုပ်ရှားမှု သံသယဖြင့်ဖမ်းဆီးနှိပ်စက်ပြီးမှ သတ်ဖြတ်ခံလိုက်ရ သူများတွင် လက်နက်ကိုင်မဟုတ်သည့် လိပ်သိုဒေသနေ အရပ်သားအချို့ ပါဝင်နေကြောင်း KNU တပ်မဟာ (၂) တောင်ငူခရိုင်၏ ခရိုင်အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတချို့က အခိုင်အမာပြောဆိုသည်။
KNU တပ်မဟာ (၂) ထိန်းချုပ်သည့် တောင်ငူခရိုင်အတွင်း လုံခြုံရေးနှင့်ပဋိပက္ခကြောင့် အဆိုပါ လိပ်သို-သံတောင်-တောင်ငူ လမ်းမကြီးကို မေလ ၁ ရက်နေ့မှစပြီး KNU ဘက်က သွားလာခွင့်ပိတ်ပင်ခဲ့သည်။
ယခုရက်ပိုင်း လမ်းပြန်ဖွင့်သည့်သတင်းများထွက်နေသော်လည်း အတည်ပြုဆဲဖြစ်သည်။
လမ်းပိတ်ထားသည့် တစ်လကျော်ကာလအတွင်း ယခုလို ကျောင်းဖွင့်ချိန်၊ ရာသီ သီးနှံပေါ်ချိန်နှင့် အခြေခံစားနပ်ရိက္ခာ ဝယ်ယူရရှိရေးအတွက်မူ ကုန်သွယ်သွားလာရေး အဓိကအားထားနေရသည့် ထိုလမ်းပေါ်၌ အရဲစွန့်သွားလာသူ အနည်းစုရှိခဲ့သည်။
ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်ကလည်း သံတောင်ကြီးမြို့နယ်တွင် နေထိုင်သည့် ဒေသခံအမျိုးသားနှစ်ဦး တောင်ငူသို့ ဆိုင်ကယ်ဖြင့်သွားသည့် လမ်းခုလတ်နေရာ၌ စစ်ကောင်စီတပ်ဖွဲ့များနှင့်တိုးပြီး သေနတ်ပစ်ခတ်ခံရသဖြင့် တစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
KIC ပေးပို့သည်။