စစ်ကောင်စီတပ် မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ကနေ ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် အသက် (၆၀) အရွယ် မိုးဗြဲဒေသခံအမျိုးသမီး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဇွန်လ ၂၉ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်ခန့်က ခမရ ၄၂၂ တပ်ကနေ လက်နက်ကြီးနှစ်လုံး ပစ်ခတ်လာခြင်းဖြစ်ပြီး မိုးဗြဲမြို့ပေါ် မြို့မရပ်ကွက်ရှိ နေအိမ်ကိုပြန်ကြည့်သည့် အမျိုးသမီးကို လက်နက်ကြီးစ ထိမှန်ခဲ့သည်ဟု ဆိုသည်။
“နှစ်လုံးလောက် ပစ်လာတယ်။ တစ်လုံးက ရပ်ကွက်အလယ်မှာ ကွဲတယ်။ တစ်လုံးက သူ့ (သေဆုံးသွားတဲ့ အမျိုးသမီး) အိမ်ရဲ့ မြောက်ဖက်ထောင့်လောက်ပေါ့။ သစ်ပင်ထိပြီး ကွဲပြီးတော့မှ ဆင်လာတဲ့အစပေါ့။ သူက ရေချိုးနေတာ ရေကန်မှာ၊ အဲ့ဒါနဲ့ သွားထိတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
လက်နက်ကြီးစသည် အဆိုပါအမျိုးသမီး၏ ဘယ်ဖက်ခါးအောက်၊ ဘယ်လက်ကို ထိမှန်ခဲ့တာပါ။ ဆေးရုံကို အချိန်မီပို့ဆောင်နိုင်ရန် ကြိုးစားခဲ့ပေမယ့် ဆေးရုံသွားတဲ့လမ်းမှာပင် အသက်ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။
မိုးဗြဲမြို့နှင့် အနီးအနားကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ကြာမြှင့်နေပြီး နေ့စဉ်ရက်ဆက် မိုးဗြဲမြို့အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်နေတာကြောင့် စိုးရိမ်ထိတ်လန့်နေရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ဘယ်လို ပြောရမလဲ၊ ရမ်းသန်းတအားပစ်လာတယ်လေ။ ခါတိုင်းက လက်နက်ကြီးက ဒီလိုမျိုးမှမပစ်ဘဲ။ အခုက တစ်ရက်ကို အလုံးနှစ်ရာသုံးရာပစ်တာ။ အရင်က လေး၊ ငါး၊ ဆယ်လုံး အများဆုံးပဲ။ အခုက တစ်ရာ၊ နှစ်ရာလောက် ပစ်တာ။ မခံနိုင်ဘူး လက်နက်ကြီးအသံကို၊ သူတို့ (စစ်ကောင်စီ) က လက်နက်ကြီးတအားသုံးတာပေါ့” ဟု အဆိုပါအမျိုးသားက ပြောသည်။
လက်နက်ကြီးထိမှန်သေဆုံးသွားသည့် အမျိုးသမီးအား စစ်ကောင်စီလက်နက်ကြီး ထပ်မံပစ်ခတ်လာမည်ကို စိုးရိမ်တာကြောင့် သင်္ချိုင်းတွင် မမြှုပ်နှံတော့ဘဲ လက်ရှိ စစ်ရှောင်စခန်းအနီး၌သာ မြေမြှုပ်သင်္ဂြိုလ်ခဲ့သည်ဟု သိရသည်။
ကန္တာရဝတီတိုင်း ( မ် ) – ပေးပို့သည်။