ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့ (ခ) ရပ်ကွက်၊ ကျောက်စိမ်းအုပ်စုအတွင်း စစ်ကောင်စီနှင့် လှိုင်းဘွဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းလုပ်ကိုင်သော အာဝါဒေးလောင်းကစားဝိုင်းများကြောင့် မြို့အတွင်း ခိုးဆိုးလုယက်မှု ပိုမိုများပြားလာကြောင်း မြို့ခံများက ပြောသည်။
မြို့ခံအမျိုးသမီးတစ်ဦးက “အဲဒီဝိုင်းတွေကို ကောင်းဆက်ဟန်နဲ့ထွေအုပ်ဦးစီးမှူးက အဓိကလုပ်နေတာ ခရိုင်ကလည်း မသိဘူး။ ဝိုင်းတွေရှိတော့ မြို့ထဲမှာ သူခိုးတွေလည်းများလာတယ်။ တို့ဆေးသမားတွေလည်း ရှိတယ်။ ရွှေဆိုင်တွေလည်း အဖောက်ခံရတယ်၊ ဈေးထဲမှာဆိုရင်လည်း ခါးပိုက်နှိုက် အယောက်ပေါင်း မနည်းဘူး။ တခါမှလည်း ဖမ်းလို့မမိဘူး သူ့ရဲ့ဆိုးကျိုးပေါ့။ ဘယ်ကလူတွေ လာဆော့မှန်းမှ မသိတာ၊ လှိုင်းဘွဲမြို့က လူတွေကအဲ့လိုမရှိဘူး၊ လောင်းကစားဝိုင်းလာတာ ဘယ်မြို့တွေကမှန်းလဲ မသိဘူးလေ၊ တချို့ဆို အိမ်တွေငှားနေကြတယ်” ဟု ပြောသည်။
အဆိုပါလောင်းကစားဝိုင်းများကို မြို့နယ်အထွေအထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနမှ ဦးစီးမှူးဦးဝင်းသန်းနှင့် စစ်ဗျူဟာအဖွဲ့ (အခြေချ) လှိုင်းဘွဲ၏ ကွပ်ကဲမှုအောက်ရှိ ဗိုလ်ကြီးကောင်းဆက်ဟန်တို့က ဖာပွန်မြို့နယ်၊ ကတိုင်တိကျေးရွာဇာတိ လောင်းကစားဝိုင်းကန်ထရိုက်တာ ဒေါ်သင်းသင်းလှနှင့် ပူးပေါင်း၍ ဦးစီးလုပ်ကိုင် နေခြင်းဖြစ်ရာ ရပ်အနီးအဝေးမှ လောင်းကစားဝိုင်းသို့ လာရောက်ဆော့ကစားသူ များပြားလာသလို မြို့အတွင်း ခိုးဆိုးလုယက်မှုများလည်း ပိုမိုများပြားလာကြောင်း မြို့ခံများက ပြောပါသည်။
ထို့အပြင် ၎င်းတို့မှ အကောက်ခွန်အနေဖြင့် လောင်းကစားဝိုင်းများမှ တစ်ညလျှင် မြန်မာကျပ်ငွေဆယ်သိန်းခန့် ရရှိနေခြင်းဖြစ်ပြီး သက်ဆိုင်ရာသို့ တိုင်တောဝံ့သူမရှိသလို လောင်းကစားဝိုင်းများကြောင့် အမှုအခင်းများပြား လာသည့်အတွက် စိုးရိမ်ထိတ်လန့်မှုဖြင့် နေထိုင်နေသည်ဟု မြို့ခံများက ဆိုသည်။
လှိုင်းဘွဲမြို့အတွင်း ညမထွက်ရအမိန့် ထုတ်ထားသည့် အခြေအနေတွင် လောင်းကစားဝိုင်း လာရောက်သူများကိုမူ စစ်ဆေးရေးဂိတ်များသို့ ဖြတ်သန်းသွားလာခွင့်ပေးထားခြင်း ဖြစ်သည်ဟုလည်း မြို့ခံများက ပြောသည်။
နောက်ထပ်လှိုင်းဘွဲမြို့ခံတစ်ဦးက “ပွဲတစ်ပွဲလုပ်ရင် ဗျူဟာကကိုင်တယ်လို့ဆိုပြီး နာမည်ထွင်တယ်၊ပြီးတော့မှ ကန်ထရိုက်ပွဲလို့ နာမည်ခံလိုက်တာ၊ ပွဲကပြန်လာတဲ့သူဆိုရင် သူတို့(စစ်တပ်)က မစစ်ဘူး လွှတ်ပေးတယ်။ ပိတ်ထားတဲ့ နေရာတွေဆိုရင်လည်း ပွဲရက်ကိုဆိုဖွင့်ထားပေးတယ်။ အဲဒီရက်တွေကျ ဘာမာရှယ်လောမှ မရှိဘူး။ လမ်းထောင့်တွေမှာ စစ်ခဲ့ရင်တောင် ပွဲလာတယ်ဆိုတာနဲ့ လွှတ်ပေးတယ်။ မြို့မှာဆိုရင်လည်း ခိုးမှုလုမှုအပြင် ဆိုင်ကယ်တွေပျောက်တာလည်း များလာတယ်” ပြောပါသည်။
ထိုသို့ မြို့ခံမဟုတ်သည့် လောင်းကစား လာရောက်ဆော့ကစားသူများ မြို့အတွင်း အဝင်/အထွက် များလာခြင်းကြောင့် လုယက်မှုများအပြင် ရန်ပွဲများလည်း ရှိလာသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရှိရသည်။
အလားတူ နဘူးမြို့နယ်ရှိ ကျေးရွာတချို့တွင်လည်း လနှင့်ချီကာ လောင်းကစားဝိုင်းများ ပြုလုပ်လာကြသဖြင့် ဒေသခံအချို့ စာရိတ္တပျက်ပြားပြီး ခိုးမှုနှင့် လုယက်မှုများ ဖြစ်လာသလို နေအိမ်ရှိ အဝတ်အထည်မှ အစ ဆိုင်ကယ်အဆုံး ပစ္စည်းပျောက်ဆုံးမှုများရှိလာကြောင်း ဒေသခံများက ထုတ်ဖော်ပြောဆိုကြသည်။
လှိုင်းဘွဲမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ (၇) နှင့် နယ်ခြားစောင့်တပ်-BGF များ ပူးတွဲအုပ်ချုပ်အောက်တွင် ရှိသလို ကရင့်လက်နက်ကိုင် စည်းလုံးညီညွှတ်ရေးကော်မတီမှ လောင်းကစားဝိုင်းများ မပြုလုပ်ရန် တရားဝင် တားမြစ်အမိန့် ထုတ်ပြန်ထားသော မြို့နယ်တစ်ခု အပါအဝင်လည်း ဖြစ်သည်။
အဆိုပါလောင်းကစားဝိုင်းများ ပြုလုပ်နေခြင်းနှင့် ပတ်သက်၍ ကရင်လက်နက်ကိုင် စည်းလုံးညီညွှတ်ရေး ကော်မတီမှ တာဝန်ရှိသူတချို့အား ဖုန်းဆက်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့သေးပါ။
ကေအိုင်စီ ပေးပို့သည်။