စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းကြောင့် နိုင်ငံတကာ အကူအညီများ မထိရောက်

0
438
ပုံစာ - “နိုင်ငံတကာအလှူရှင်အစိုးရများ အတွက်ပုစ္ဆာ/ လူသားချင်းစာနာကူညီရေးအကျပ်အတည်းအား အဖြေရှာ ကြည့်ခြင်း” သုတေသနစာတမ်း

နိုင်ငံတကာလူသားချင်းစာနာမှု ကူညီရေးဆိုင်ရာ ကိစ္စရပ်များကို စီမံခန့်ခွဲပေးနေသည့် အာဆီယံနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများသည် စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်နေရခြင်းကြောင့် စစ်ဘေးရှောင်များဆီ ထိရောက်သည့် အကူအညီများ မရောက်ဟု နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့- BNI က ထောက်ပြလိုက်သည်။

“နိုင်ငံတကာအလှူရှင်အစိုးရများ အတွက်ပုစ္ဆာ/ လူသားချင်းစာနာကူညီရေးအကျပ်အတည်းအား အဖြေရှာ ကြည့်ခြင်း” ဆိုသည့် သုတေသနစာတမ်းကို BNI ၏ မြန်မာ့ငြိမ်းချမ်းရေး လမ်းစဉ်စောင့်ကြည့်ရေး ပရိုဂရမ် (Myanmar Peace Monitor-MPM) မှ သုတေသနပြုစုလေ့လာပြီး မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီပေးနေသည့် နည်းလမ်းများအပေါ် နိုင်ငံတကာအနေနဲ့ ပြန်လည် သုံးသပ်နိုင်ဖို့ ယင်းသုတေသနစာတမ်းတစ်စောင်ကို ဇူလိုင်လ တတိယပတ်တွင် နိုင်ငံတကာမြန်မာသတင်းအဖွဲ့-BNI က အွန်လိုင်းမှတဆင့် မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာက အကူအညီများသည် လူထုထံသို့ မရောက်ဘူးဟု သုတေသနစာတမ်းမိတ်ဆက်သည့်နေရာတွင် BNI ၏ မီဒီယာဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမြင့်က ယခုကဲ့သို့ ထောက်ပြသည်။

“အာဏာသိမ်းစစ်အုပ်စုရဲ့ ခွင့်ပြုချက် တစုံတရာ မရဘဲနဲ့ ဘယ်အကူအညီမှ ပြည်သူ တစ်ဦးတစ်ယောက်ထံ ထောက်ပံ့နိုင်ခြင်း မရှိတဲ့ အခက်အခဲ အကျပ်အတည်း အခြေအနေတွေ တွေ့နေရပါတယ်။ ဒါတွေကို နိုင်ငံတကာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ အားလုံးနဲ့ ရှာဖွေကြံဆသင့်ပြီလို့ ယူဆပါတယ်”

UNOCHA က ထုတ်ပြန်ထားသည့် လူသားချင်းစာနာမှုဆိုင်ရာ တုန့်ပြန်ခြင်းရေး အစီအစဉ်မှာ ၂၀၂၂ ခုနှစ် နှစ်ကုန် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်သူပေါင်း ၁၄.၄ သန်း ရှိခဲ့သော်လည်း ပြည်သူ ၄.၃၆၁ သန်း ကိုသာ ကူညီနိုင်ခဲ့သည်ဟု BNI ထောက်ပြထားသည်။

ထိုအထဲ၌ ၅ သိန်းကျော်ကသာ စစ်ဘေးသင့်ဒုက္ခသည်များဖြစ်ကြောင်း၊ ၎င်းတို့အတွက် အမေရိကန်ဒေါ်လာ ၉ သန်း သာ အသုံးပြုနိုင်ခဲ့သည်ဟု ဆိုသည်။

၎င်းမှာ စစ်ရှောင်တစ်ဦးချင်းစီအတွက် အဆိုပါက တစ်နှစ်လုံး၌ ၁၇ ဒေါ်လာသာ ကူညီနိုင်ခဲ့ခြင်း ဖြစ်သည်ဟု BNI က ဦးဆောင်ညွန်ကြားရေးမှူး (Managing Director) ဒေါ်တင်တင်ညိုက ထောက်ပြသည်။

“ဆိုတော့ ၉ သန်းက ကျမတို့ ပြန်ပြီးတော့ တွက်ကြည့်လိုက်တဲ့အချိန်မှာ စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရ တဲ့ စစ်ဘေးရှောင်ပြည်သူ IDP တစ်ဦးက ၂၀၂၂ ခုနှစ်အတွင်းမှာဆိုရင် တစ်နှစ်ပတ်လုံးမှ အမေရိကန်ဒေါ်လာ ၁၇ ဒေါ်လာနဲ့ ညီမျှတဲ့ ထောက်ပံ့ကူညီမှုသာ ရရှိခဲ့တာကို ကျမတို့ တွေ့ရှိပါတယ်။ အဓိက ရရှိတာကတော့ ပြည်တွင်း မှာရှိနေတဲ့ ကျမတို့ မြန်မာနိုင်ငံသားတွေ၊ နိုင်ငံတကာမှာ ရောက်နေတဲ့ ကျမတို့ နိုင်ငံသားတွေရဲ့ ကူညီထောက်ပံ့ လှူဒါန်းမှုက အဓိက အက္ခရာကျပါတယ်”

သို့သော် ပြည်သူမှ ပြည်သူသို့ လှူဒါန်းပေးမှုများကြောင့် ပြည်သူပေါင်း ၃ သိန်းနီးပါးအတွက် ကူညီနိုင်ခဲ့တယ်လို့ ဒေါ်တင်တင်ညိုက ဆက်ပြောသည်။

“ဆိုတော့ ပြည်သူမှ ပြည်သူ ပြည်သူအချင်းချင်း ထည့်ဝင်လှူဒါန်းမှုကြောင့် ဒီနှစ်နှစ်အတွင်းမှာပေါ့နော် ၆.၆ ဘီလီယံ ကျပ် အထိ NUG ကနေ လက်ခံရရှိပါတယ်။ လူသားချင်းစာနာ ထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနကနေပြီးတော့မှ မြန်မာနိုင်ငံတဝှမ်းလုံးမှာရှိတဲ့ အရေးပေါ် အကူအညီလိုအပ်နေတဲ့ နေရပ်စွန့်ခွာ စစ်ဘေးရှောင် ပြည်သူတွေ နိုင်ငံ့ဝန်ထမ်း CDM တွေ၊ ထိခိုက်ကျဆုံး ပြည်သူများရဲ့ မိသားစုဝင်တွေ၊ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေ၊ ထိခိုက်လွယ်သော မိသားစုဝင်များ စသဖြင့် အုပ်စုအမျိုးအစား ခွဲပြီးတော့ ပြည်သူပေါင်း ၂ သိန်း ကျော်ပေါ့နော် ၃ သိန်းခန့် အထိကို ထောက်ပံ့ကူညီနိုင်ခဲ့တာကို ကျမတို့ တွေ့ရှိခဲ့ရပါတယ်”

အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံထဲတွင် စစ်ရှောင်ပြည်သူ ၁.၅ သန်းကျော် ရှိနေ သည်။ အဆိုပါ စစ်ရှောင်များအနက် စစ်ကိုင်းတိုင်းက စစ်ရှောင်ပြည်သူ ၆.၆ သိန်းကျော်မှာ လူသားချင်း စာနာမှု အကူအညီ အလိုအပ်ဆုံးနှင့် ဒုတိယအခက်အခဲဆုံးမှာမူ မကွေးတိုင်း ဖြစ်သည်ဟု BNI ရဲ့ သုတေသနစာတမ်းက ဆိုသည်။

BNI က မိတ်ဆက်လိုက်သည့် စာတမ်းထဲ လူထုများဆီကို ထိရောက်သည့် အကူအညီများ ရောက်ရှိရေး နိုင်ငံတကာ အနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးကာ အားလုံးပါဝင်သည့် လူသား ချင်းစာနာမှု အကူအညီပေးရေးဖိုရမ် အမြန်ဆုံး အကောင်အထည်ဖော်ရေး၊ ဒေသအလိုက် လေယာဉ် မပျံသန်းရ ဇုန်ကိစ္စ၊ ပြည်သူ့ အကာအကွယ်ပေးရေးဇုန်များ ကြေညာပေးရန်နှင့် နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး ကိစ္စများကို အမြန်ဆုံးလုပ်ဆောင်ရန် တိုက်တွန်းထားသည်။

နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးကို လုပ်ဆောင်ရာတွင်လည်း အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊ ဒေသခံ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း အင်အားစုများနှင့်တကွ‌ဒေသတွင်း အရပ်ဖက်အဖွဲ့များနှင့်ပါ ချိတ်ဆက် ညှိနှိုင်းပြီး ဆွေးနွေးအဖြေရှာ လုပ်ဆောင်သင့်သည်ဟု အကြံပြုထားသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here